သတင်း

ရွှေတွင်းစွန့်ပစ်မြေစာများ တာချီလိတ်ခရိုင် ရွာအတွင်း ဝင်ရောက် ဖုံးလွမ်း

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှ အဆိပ်အတောက်များပါဝင်နိုင်ခြေမြင့်မားသည့် စွန့်ပစ်မြေစာများသည် လူဦးရေ ၂၇၀ ကျော် နေထိုင်သည့် နန့်ဟိုင်းလုံ ကျေးရွာအတွင်း ဝင်ရောက် ဖုံးလွှမ်းပြီး သွားလာရေးခက်ခဲလျှက်ရှိကြောင်း ရှမ်းတောင်သူလယ်သမားကွန်ရက်မှ ထုတ်ပြန်သည်။

“တောင်ပေါ်မှာ ရွှေတူးလို့ စွန့်ပစ်မြေစာအဆိပ်အတောက်တွေကြောင့် ၁၅ ပေနက်တဲ့ ချောင်းပျောက်သွားပြီ။ ခု တခါမှ ရေမကြီးဖူးတဲ့ရွာ ၊ စွန့်ပစ်မြေစာတွေ ဖုံးလွှမ်းပြီး တရွာလုံး ရေကြီးနေတယ်“ ဟု ရှမ်းပြည်နယ် တောင်သူလယ်သမားကွန်ရက်ပြောခွင့်ရသူ ကိုသွန်းအိုက်က ဧရာဝတီသတင်းဌာနသို့ပြောသည်။

မကြာသေးမီ ဇူလိုင်၊ သြဂုတ်လများကလည်း ရွာအတွင်း ညစ်ညမ်းသော ရေလွှမ်းမိုးမှုများကြောင့် ထိုကိစ္စကိုအရေးယူဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုခဲ့သည်။

တာချီလိတ်ခရိုင်တွင်းရှိ နန့်ဟိုင်းလုံကျေးရွာသည် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ အဆိပ်အတောက်စွန့်ပစ်ရေများ အလွှမ်းခံရပြီး ယနေ့အချိန်ထိ ရေပြန်လည် ကျဆင်းခြင်း မရှိသေးဟု ဒေသတွင်း ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် မြေ ၁၇ ဧကခန့်ဆုံးရှုံးခဲ့သူ နန့်ဟိုင်းလုံ ရွာသူ မနန်းလာက ပြောသည်။

ရွှေတွင်းများမှ စွန့်ပစ်အညစ်အကြေးများတွင် သတ္တု တူးဖော်ရာတွင် အသုံးပြုသည့် မာကျူရီနှင့် ဆိုင်ယာနိုက်များ ပါဝင်သောကြောင့် ဒေသတွင် အရေးပါသော သဘာဝဂေဟစနစ်ကို ထိခိုက်စေသည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ ယင်းစွန့်ပစ်ပစ္စည်းများကြောင့် နောက်ဆက်တွဲ ဒေသခံတိုု့၏ ကျန်းမာရေးကို ထိခိုက်နိုင်သည် သိရသည်။

“ခုချိန်ထိတော့ သဲအိတ်တွေနဲ့ အိမ်တွေထဲ ရေ ထပ်မဝင်အောင်ကာထားတယ်။ မနေ့က ရေ ထပ်တက်လာလိုု့ တရွာလုံး လိုအပ်တဲ့အိမ်အတွက် ဝိုင်းကူဆောင်ရွက်ထားတယ်။ အစိုုးရပိုင်းကတော့ ထပ်မလာသေးဘူး“ဟု မနန်းလာက ပြောသည်။

“မိုုးများတော့ ရေတင်လာတဲ့ပုံစံပေါ့ ။ရွှေတူးဖော်ရေးလုပ်ငန်းက မြေစာတွေဆိုတာတော့ ဟုတ်တယ်။ ခု စစ်ခိုင်းထားတယ်။ ရရှိလာတဲ့ အချက်ပေါ် မူတည်ပြီး အထက်ကို တင်ပြသွားပါမယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဧရာဝတီသတင်းဌာနသို့ပြောသည်။

ရွှေတူးဖေါ်သော လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့လုပ်ငန်းများကြောင့်ဖြစ်ပေါ်သော ပတ်ဝန်းကျင်ထိခိုက်မှုများကို တာဝန်ယူရန်၊ ဒေသခံများက အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသည်။

“လယ်ယာ ဆုံးရှုံးမှုတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ရင်ဆိုင်ရတဲ့ပြည်သူတွေအတွက် အစိုးရက ရပ်တည်ပေးစေချင်ပါတယ်” ဟု မနန်းလာက ပြောသည်။

လက်ရှိအခြေအနေတွင် ဒေသခံများသည် ရွာအတွင်း သွားလာရေး ခက်ခဲနေကြောင်းနှင့် စက်တင်ဘာလ ၂ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှုသွားကြောင်း သတင်းရရှိသည်။

၂၀၀၇ တွင် စတင်ခဲ့သည့် ရွှေတူးဖေါ်ရေးလုပ်ငန်းများကြောင့် ဒေသတွင်းရှိ နမ့်ခမ်းချောင်းရေများ ညစ်ညမ်းလာပြီး ဆယ်စုနှစ်တခုကြာချိန်တွင် ဒေသခံများ၏ လယ်ယာမြေ ၃၄၀ ဧက ပျက်ဆီးသွားသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ရွှေတူးဖေါ်သည့်လုပ်ငန်းများ မရပ်တန့်ပါက ဒေသခံများသည် လျှော်ကြေးငွေနှင့် စိုက်ပျိုးစားသောက်နိုင်သောနေရာများတွင် ရွာတည်ကာ ပြန်လည်နေရာချထားခြင်းကို လိုလားကြောင်းလည်း မနန်းလာက ပြောသည်။

ဒေသခံများ၏အဆိုအရ လတ်တလောတွင် တရားဝင် ကုမ္ပဏီ ၂ ခုနှင့် တရားမဝင် ကုမ္ပဏီ ၇ ခုခန့် လာရောက်လုပ်ကိုင်နေကြသည် ဟုသိရသည်။

၂၀၁၄ ခုနှစ်တွင်လည်း ဒေသခံများက လယ်မြေများပျက်စီးကြောင်း အာဏာပိုင်များထံ တိုင်ကြားခဲ့ကြသည်။ ဒေသခံများ၏ ဆန္ဒပြခြင်းကြောင့် ထိုနှစ် ဇူလိုင်လတွင် ရှမ်းပြည်နယ် သတ္တုတွင်းနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ အမိန့်ဖြင့် ရွှေတူးဖေါ်သည့်လုပ်ငန်းများ ခေတ္တဆိုင်းငံ့သွားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ကုမ္ပဏီများက လယ်မြေများပျက်စီးခြင်းအတွက် အိမ်ထောင်စုတစုလျှင် ကျပ်ငွေ ၆၆၀၀၀၀ ပေးခဲ့သော်လည်း ထိုနှစ်တွင်ပင် တားမြစ်အမိန့်ကို ပြန်လည်ရုတ်သိမ်းကာ ယင်း လုပ်ငန်းများပြန်လည်လုပ်ကိုင်ခဲ့ကြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ရွှေတူးဖေါ်ခြင်းများ ရပ်ဆိုင်းပေးရန် ရှမ်းပြည်နယ်လယ်သမားကွန်ရက် -SSFN နှင့် ရှမ်းလူ့အခွင့်အရေးဖေါင်ဒေးရှင်း- SHRF တို့သည် ၂၀၁၆ ခုနှစ်မတ်လတွင် ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ယင်းဒေသရှိ ရွှေတူးဖော်ရေးလုပ်ငန်းများကိုလေ့လာရန် တောင်ပေါ်တက်ကြည့်ရှုသော အသက် ၅၄ နှစ်အရွယ် လောင်စမ်း အမည်ရှိ နဟိုင်လောင် ကျေးရွာသားတဦး ပစ်သတ်ခံခဲ့ရကြောင်း အထက်ပါပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး တပ်မတော်သား ၃ ဦးတို့က လောင်စမ်းကိုပစ်ခတ်ခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တရားရုံး၌ ဝန်ခံခဲ့သည်။ သို့သော် တရားရုံး၏နောက်ဆုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မသိရှိရသေးဟု မနန်းလာကပြောသည်။

ရွှေ၊ ကျောက်မီးသွေး၊ ပတ္ထမြားနှင့် သစ် အပါအဝင် သယံဇာတပေါကြွယ်လှသော ရှမ်းပြည်နယ်တွင် သယံဇာတထုတ်ယူသော လုပ်ငန်းအများအပြားနှင့် စီမံကိန်းအများအပြား လုုပ်ကိုုင်လျက်ရှိပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိရန်နှင့် ဒေသခံတိုု့၏ လယ်ယာမြေနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုု ထိခိုက်သော လုပ်ငန်းများရပ်ဆိုင်းပေးရန် ဒေသခံများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများက အကြိမ်ကြိမ်တောင်းဆိုနေကြသည်။

“ဒီလိုလုပ်ငန်းတွေမှာ ကုမ္ပဏီတွေအနေနဲ့ ပတ်ဝန်းကျင်ရေးရာ စီမံချက် တင်သွင်းရတယ်။ အကောင်အထည်ဖေါ်မှုပိုင်း အစိုုးရက တွန်းအားပေးရမယ်။ အကောင်အထည်ဖော်နေမှုကို လိုက်စစ်ရမယ်။ တရားမဝင်လုပ်ကိုင်နေတာတွေလည်း ရှိတော့ တရားဥပဒေ စိုးမိုးရေး ခိုင်မာဖိုု့ လိုအပ်တယ်” ဟု Ecodev ပူးတွဲတည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading