အကြမ်းဖက် တိုက်ခိုက်မှုများ ရှိနေသည့် ရခိုင်မြောက်ပိုင်းကို အရေးပေါ် အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေး ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း လက်ရှိတွင် အရပ်သား အစိုးရက ကိုင်တွယ် ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိနေ ကြောင်း အစိုးရ၏ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောသည်။
ယနေ့ နေပြည်တော်ရှိ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် ကျင်းပသည့် ရခိုင်ပြည်နယ်ဆိုင်ရာ ရှင်းလင်းပွဲတွင် ဦးသောင်းထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေများကို အစိုးရက နေ့၊ ည အချိန် တိုင်း စောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။
ဦးသောင်းထွန်းက “ရခိုင်မှာ ဒီအခြေအနေတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတာ ကျနော်တို့ ဆွေးနွေးတာ ရှိပါတယ်။ အချိန် မရွေး လေ့လာ သုံးသပ်ပြီးတော့ တင်ပြနေတာ ရှိပါတယ်။ နေ့ရော ညရော စောင့်ကြည့်နေတာ ရှိပါတယ်။ ဒီအခြေအနေကို ထိန်းသိမ်း နိုင်ဖို့လည်း ကျနော်တို့မှာ အင်အား အလုံအလောက် ရှိပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသကို ကာကွယ်နိုင်ရန် ရဲတပ်ဖွဲ့အင်အား၊ တပ်မတော် အင်အားများ တိုးချထားကြောင်း၊ ယခု ဖြစ်စဉ် မတိုင်ခင် ရခိုင်ပြည်နယ်သည် အရေးကြီးကြောင်း သိ၍ သမ္မတ ကိုယ်တိုင် လုံခြုံရေးနှင့် ဆိုင်သည့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အားလုံးနှင့် အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် အပါအဝင် အားလုံးကို အစည်းအဝေး ခေါ်၍ ဆွေးနွေးလေ့ရှိကြောင်း သိရ သည်။
“စစ်အုပ်ချုပ်ရေး လိုတယ်၊ မလိုဘူးဆိုတာ အဲဒီ အစည်းအဝေးကနေ ဆုံးဖြတ်ပြီး လုပ်တာပါ။ နေ့စဉ်လိုပဲ လုံခြုံရေးနဲ့ ဆိုင် တဲ့ အဖွဲ့အစည်းတွေက အစည်းအဝေးတွေကို လုပ်သင့် လုပ်ထိုက်တာတွေ လုပ်နေတယ်။ ဦးစားပေး အစီအစဉ်က နေရပ် စွန့်ခွာ ထွက်ပြေးနေသူတွေ စိတ်အေးချမ်းသာအောင်နဲ့ လုံခြုံအောင် ဦးစားပေး ဆောင်ရွက်နေတာ ရှိပါတယ်”ဟု ဦးသောင်းထွန်းက ဧရာဝတီ၏ မေးခွန်းကို ပြန်လည် ဖြေကြားသည်။
ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်မှ ကိုဖီအာနန်၏ တင်ပြချက်များကိုလည်း သေချာ လေ့လာသုံးသပ်ပြီး၍ မြေပြင် အခြေ အနေနှင့် တိုက်ဆိုင်ကာ ချက်ချင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ချက်ချင်းလုပ်၍ နောက်မှ လုပ်ဆောင်ရမည်များကို ခေတ္တ ဆိုင်းငံ့ထားကြောင်း၊ ဥပမာအားဖြင့် ဝန်ကြီးအဖွဲ့ ဦးဆောင်မည့် ကော်မရှင် သုံးသပ်မှု အကောင်အထည် ဖော်ရေး ကေ်ာမတီကို ယခုရက်ပိုင်း အတွင်းမှာ ကြေညာမည်ဖြစ်ကြောင်း အမျိုးသား လုံခြုံရေး အကြံပေးက ပြောသည်။
“အဲဒီအဖွဲ့ကိုလည်း နိုင်ငံတကာ အတွေ့အကြုံနဲ့ ပံ့ပိုးဖို့ ဆိုရင် အဖွဲ့ငယ်လေးတခုလည်း ထားပါမယ်။ ကော်မရှင်က အကြံ ပြုတဲ့ အတိုင်း မီဒီယာတွေကို မောင်တောကို လွှတ်နေတယ်။ ဒါလည်း အကောင်အထည် ဖော်နေတာ။ အဲဒီဒေသမှာ ရှိတဲ့ လူတွေ လူသားချင်းစာနာမှု အထောက်အကူတွေ ရဖို့ ဆိုတာ ချက်ချင်းကို လုပ်နေတယ်”ဟုလည်း ဦးသောင်းထွန်းက ပြောဆိုသည်။
၎င်းက ဆက်၍ “၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတိုင်းမှာ တည်ဆဲ ဥပဒေနဲ့အညီ လုပ်ရပါတယ်။ အဲဒီ ဥပဒေ နဲ့အညီပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေကို ပြောင်းဖို့ကတော့ လွှတ်တော်ကနေ ပြောင်းမှ ရပါလိမ့် မယ်” ဟုလည်း ပြောသည်။
သြဂုတ်လ ၂၅ ရက်က စတင်သည့် ခိုင်ဖြစ်စဉ်များတွင် အကြမ်းဖက် ၃၇၁ ဦး သေဆုံးပြီး အရှင်ဖမ်းမိသူ ၃၈ ဦး ရှိကြောင်း၊ ထောက်လှမ်းရေး သတင်း အချက် အလက်များအရ တနိုင်ငံလုံးတွင် လုံခြုံရေး သတိရှိကြရန် ကြေညာချက်များ ထုတ်ပြန် ထားကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပြသည်။
ထို့အပြင် ဘူးသီးတောင် မြို့နယ် တောင်ဘဇာ ကျေးရွာကို အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက်စဉ်က ရခိုင်ပြည် နယ် အစိုးရ၏ တင်ပြချက်အရ INGO ၄ ခုက Local Staff များပါသည်ဟု ပြောဆိုချက်ကို မှန်၊ မမှန် ပြန်စိစစ်၍ မှန်ပါက ယင်း INGO နှင့် လက်မှတ်ရေးထိုးထားသည့် ဝန်ကြီးဌာနများကို အကြောင်းကြားမည် ဖြစ်ပြီး ပါဝင်သူများကို အရေး ယူ မည် ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်အရေးကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အရင်ဆုံး ရင်ဆိုင်ရမည် ဖြစ်ရာ လုံခြုံရေး ကောင်စီတွင် မြန်မာဘက် မှ တရုတ်နှင့် ရှရှားနိုင်ငံတို့ ရှိနေကြောင်း၊ မြန်မာကို ထောက်ခံမှုပေးရန် ၎င်းကိုယ်တိုင် သွားရောက်၍ စည်းရုံးပြောဆိုထား ကြောင်း ဦးသောင်းထွန်းက ပြောသည်။
“ကျနော်တို့ စခန်း ၃၀ က အတိုက်ခံရတာပါ။ သွားတိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေ တာပါ။ ကိုယ့်ကို လာတိုက်တာကိုတော့ ပြန်တိုက်ခွင့် နိုင်ငံတကာမှာ ရှိပါတယ်။ ပြန်တိုက်တဲ့ အခါမှာလည်း လက်နက်တွေ အတင်းသုံးပြီး တိုက်နေတာ မဟုတ်ဘူး။ စနစ်တကျ လုပ်နေတယ်။ စည်းနဲ့ ကမ်းနဲ့ လုပ်နေတယ်။အလွန်အကျူး အင်အား သုံးပြီးတော့ လုပ်နေတာ မဟုတ်ပါဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။