အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်နိုင်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် ထားရာတွင် ပါဝင်သည့် မော်လမြိုင် မြို့တွင် လုံခြုံရေး အင်အား ၁၀၀ ရာခိုင်နှုန်း အသုံးပြု၍ ကြိုတင် စီမံမှုများ လုပ်ဆောင်ထားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက စက်တင်ဘာ ၆ ရက်နေ့တွင် ပြောသည်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်စပ်၍ မြန်မာနိုင်ငံအတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည့် မြို့ကြီးအချို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက စက်တင်ဘာလ ၅ ရက်နေ့က သတင်းထုတ်ပြန်ပြီးနောက် ယင်းသို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက “ရှိသမျှ အင်အား အကုန် Alert လုပ်ထားတယ်၊ အင်အားကို ဖြည့်ထားပြီး၊ သတင်း လက်ဦး ရယူမှုလည်း ကျွန်တော်တို့ ကြိုးစား နေတယ်။ လုံခြုံရေး အစီအမံ အားလုံးကို ကျွန်တော်တို့ ချမှတ် ထားပြီးပါပြီ။ အသေး စိတ်တော့ ကျနော် ပြောကြားဖို့ အတွက် အခက်အခဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် မောင်တော ဒေသ၌ အကြမ်းဖက် တိုက်ခိုက်နေသည့် ARSA အဖွဲ့ အနေဖြင့် ယခုလအတွင်း ကျင်းပရန်ရှိသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် အချိန်ကိုက်လျှက် မြန်မာနိုင်ငံအတွင်းပိုင်း ဒေသများတွင် ဖောက်ခွဲ တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြည်ပနိုင်ငံ တခုတွင် စီစဉ်လျှက် ရှိသည်ဟု ဆိုသည်။
အကြမ်းဖက်သမားများ၏ ရည်ရွယ်ချက်မှာ ဘူးသီးတောင်၊ မောင်တောတွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် လွန်ခဲ့သည့် လေးလခန့်ကပင် ပြည်ပနိုင်ငံရှိ မြန်မာအလုပ်သမား အချို့အား အခြားနိုင်ငံ တခုသို့ စေလွှတ်ကာ အကြမ်းဖက် သင်တန်းများပို့ချခဲ့ပြီး ၎င်းအဖွဲ့များအနေဖြင့် ဒေသန္တရ ပစ္စည်းများနှင့် မိုင်းလုပ်နည်း ကျွမ်းကျင်သူများ ဖြစ်သည် ဟုလည်း ဆိုသည်။
လက်ရှိတွင် မော်လမြိုင်မြို့ နယ်မြေခံ ရဲစခန်း များတွင်လည်း ယခင်ကထက် လုံခြုံရေး အရ ရပ်ကင်း၊ လှည့်ကင်း၊ ဆိုင်ကယ်၊ စက်ဘီး ပတ္တရောင် ကင်းများအား ပို၍ လုပ်ဆောင် ထားပြီး စက်ဘီး လှည့်ကင်းအား ပြီးခဲ့တဲ့ ရက်ပိုင်းမှ စ၍ နေ့ရော ညပါ လှည့်ပတ် နေကြောင်း မော်လမြိုင်မြို့ မုပွန် ရဲစခန်းမှ ဒုရဲအုပ် မယုမွန်စော က ပြောသည်။
ဒုရဲအုပ် မယုမွန်စောက “အရင် တုန်းကတော့ စက်ဘီး လှည့်ကင်းကို ညပဲ လှည့်တယ်။ အခု စက်ဘီး လှည့်ကင်းကို နေ့ရော ညပါ လှည့်တယ်။ ချောင်ကြို ချောင်ကြား အထိ လှည့်လို့ ရတယ် ဆိုတဲ့ သဘောမျိုး၊ ဆိုင်ကယ် လှည့်ကင်း၊ ကားလှည့်ကင်း၊ ရပ်ကင်း၊ စောင့်ကင်းတွေ ချထားတယ်၊ တက္ကသိုလ် ကျောင်းမှာလည်း လုံခြုံရေး အင်အားကို ပိုပေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများအား လက်မခံ ကြောင်း၊ ယင်းလုပ်ရပ်သည် မြန်မာ နိုင်ငံ၏ အချုပ်အခြာ အာဏာအား ထိပါးသည့် လုပ်ရပ် ဖြစ်သည်ဟု ဒေါက်တာ အေးဇံ က မှတ်ချက်ပြု ပြောကြားသည်။
“ရှင်းရှင်း ပြောရရင် ရိုဟင်ဂျာ ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ မရှိဘူး။ ဒါဘင်ဂါလီတွေသာ ဖြစ်တယ်။ ကျနော်လုံးဝ လက်မခံဘူး။ ဒါအင်မတန်ကို ကျနော်တို့ အချုပ်အခြာ အာဏာနဲ့ နိုင်ငံတော်ကို ထိခိုက်တယ်။ လုံးဝကို ကျွန်တော်တို့က လက်မခံနိုင်ဘူး။ ပြည်သူတွေလဲ လက်ခံမှာ မဟုတ်ဘူး” ဟု ဒေါက်တာ အေးဇံက ဆိုပါသည်။
ယခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မော်လမြိုင်မြို့ရှိ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များအား မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးမှ ခေါ်ယူ တွေ့ဆုံခဲ့ပြီး ရခိုင် ပဋိပက္ခများ မွန်ပြည်နယ်တွင်းသို့ ကူးစက်လာမှု မရှိ စေရေး ဗလီ ဝတ်ပြုကျောင်းများ၌ မှတ်ပုံတင် မရှိသည့် လူစိမ်းမျာအား လက်မခံခြင်းဖြင့် ဝိုင်းဝန်း ကူညီ ပေးရန် တိုက်တွန်း ပြောဆို ခဲ့ကြောင်း အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ် ဒုတိယ ဥက္ကဋ္ဌ၊ အစ္စလာမ် ဓမ္မသတ်မှူး အလ်ဟာဂျ် ဆရာ ဦးအုံးသောင် က ပြောသည်။
ဦးအုံးသောင် က “အကြမ်းဖက် တိုက်ခိုက် တာတို့ ဘာတာတို့က ကျွန်တော်တို့ မော်လမြိုင်မှာ အစဉ် အလာအရတော့ မဖြစ်ဖူး ဘူး။ ဦးနုတို့ တောခိုတဲ့ ခေတ်လောက်မှာ ပြည်ချစ်ပေါ့ အဲဒီတုန်းက အစိုးရ အဆောက်အဦး တွေကို လက်နက်ကြီး တွေနဲ့ ပစ်တာ ဘာတာတို့ ဖြစ်ဖူးတယ်။ အဲဒီနောက် ၁၉၈၃ လောက်မှာ ဘာသာရေး အဓိကရုန်း လိုမျိုး အစ္စလာမ် ဘာသာဝင် တွေနဲ့ ဗုဒ္ဓဘာသာ တွေကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ခဲနဲ့ ပစ်ကြ ဘာကြတော့ ဖြစ်ဖူးတယ်၊ အဲဒီနောက်ပိုင်း မဖြစ်ဖူးပါဘူး” ဟု ပြောသည်။