အိန္ဒိယ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်း ဖက်တိုက်ခိုက်မှုများကို အိန္ဒိယနှင့် မြန်မာ ပူးပေါင်းတိုက်ဖျက်ရန် သဘောတူညီခဲ့ကြောင်း မြန်မာအစိုးရ အရာရှိများက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုများတွင် အိန္ဒိယနိုင်ငံက မြန်မာဘက်တွင် ရှိကြောင်း ရပ်တည်မှုကို ပြသခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြမ်းဖက် ဝါဒကို မြန်မာ့မြေပေါ်တွင် လုံးဝ လက်ခံမည်မဟုတ်ဟု ပြောဆို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
ဦးဇော်ဌေးက “မိုဒီ ခရီးစဉ်က နဂိုကတည်းက စီစဉ်ထားတာ။ သို့သော် ဒီအချိန်မှာ သွားတိုက်ဆိုင်တာပေါ့နော်။ အိန္ဒိယ နိုင်ငံ ကိုယ်တိုင်ကလည်း အကြမ်းဖက် နှိမ်နင်းရေးကို ဆောင်ရွက်နေရတဲ့ အနေအထား ရှိတယ်။ အဲဒီအပေါ်မှာလည်း မြန်မာကို ထောက်ခံမှု ပြသခဲ့တယ်။ အဲဒီအတွက် မြန်မာနိုင်ငံအတွက် နိုင်ငံတကာမှာ အထောက်အကူတွေ ဖြစ်စေတယ်” ဟု ပြောသည်။
အိမ်နီးချင်းနိုင်ငံများတွင်ပါ ဒုက္ခပေးနေသည့် အကြမ်းဖက်ဝါဒကို မြန်မာနိုင်ငံတွင် အမြစ်မတွယ်စေလိုသည်မှာ နိုင်ငံတော်၏ မူဝါဒ ဖြစ်ကြောင်း၊ အိန္ဒိယဘက်တွင်လည်း Naga Land ပြဿနာဟုခေါ်သည့် ခွဲထွက်ရေး လှုပ်ရှားမှုများ ရှိနေရာ မြန်မာနိုင်ငံက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရုံးက ပြောသည်။
စက်တင်ဘာ ၆ ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် သဘောတူညီမှု စာချုပ် ၁၁ ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး ကာကွယ်ရေး ဝန်ကြီးဌာနနှင့် စာချုပ် ၃ ခု၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ၁ ခု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေပြည် တော်တွင် ကမ္ဘာ့အဆင့်မီ ဆေးရုံတခု တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သည်။
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “လွတ်လပ်ရေး မရခင်ကတည်းက အိန္ဒိယ-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးက စခဲ့တာ။ ၂ နိုင်ငံကြားမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေက အများကြီးပဲ။ ဆက်ပြီးတော့လည်း ပူးပေါင်း ဆောင် ရွက်သွားမယ်။ လက်မှတ်ထိုးတာတွေအတိုင်း ၂ နိုင်ငံ အရှိန်အဟုန်မြှင့်ပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုပါတယ်”ဟု ပြောသည်။
အိန္ဒိယနိုင်ငံသည် အကြမ်းဖက် အန္တရာယ်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနေရပြီး လက်ရှိတွင်လည်း ရင်ဆိုင် ဖြေရှင်း နေရသည့် အနေအထား ရှိကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အကြမ်းဖက်အယ်ကိုင်ဒါအဖွဲ့က ဂျီဟတ်စစ်ပွဲ ကြေညာသည့်အခါ အိန္ဒိယ နှင့် မြန်မာ ၂ နိုင်ငံစလုံးကို ထည့်သွင်းခဲ့၍ အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး ပိုအားထုတ်ရန် ၂ နိုင်ငံကြား သဘောတူခဲ့ကြောင်း သိရသည်။
အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းကလည်း “လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ သူ့မှာလည်း လုံခြုံရေး ပိုင်းမှာ ကိုင်တွယ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဒီမှာလည်း ရှိတော့ ၂ ဖက် အမြဲတမ်း ထိတွေ့မှုတွေ ရှိပါတယ်။ သူတို့မှာလည်း NSA (အမျိုးသား လုံခြုံရေး အကြံပေး) ရှိတယ်။ ကျနော်တို့မှာလည်း ရှိတယ်။ ကျနော်တို့ အစည်းအဝေးတွေ တက်တယ်။ ပူးပေါင်းလုပ်ကြတယ်”ဟု ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ဆက်လက်၍ ၎င်းက “ချစ်ခင်ရင်းနှီးတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက် ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ်။ ကာကွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ကျန်းမာရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေကြတယ်။ ဆေးပညာ၊ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး လက်မှတ် ရေးထိုးတာတွေ ရှိတယ်။ အိန္ဒိယက ကျနော်တို့နိုင်ငံက ပဲဝယ်တယ်။ ဒီကိစ္စကိုလည်း ဆွေးနွေးပါတယ်” ဟု ပြောသည်။
ယဉ်ကျေးမှု ဖလှယ်ရေး ကိစ္စတွင် ပုဂံဒေသရှိ အာနန္ဒာစေတီကို ဒေါ်လာ ၄ သန်းကျော် အကုန်အကျခံ၍ ထုံးသုတ်ခံထားရသည့် အနုပညာ လက်ရာများ ပြန်လည် ဖော်ထုတ်နိုင်ရေး အိန္ဒိယ အစိုးရက ကူညီနေကြောင်း၊ ယင်း ကူညီမှု အတွက် သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ဆက်လက်ကူညီမည့် စာချုပ်တခုကိုလည်း မကြာမီတွင် လက်မှတ် ရေးထိုးနိုင်ဖွယ်ရှိကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးသူရ ဦးအောင်ကိုက ပြောသည်။
ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် ခရီးစဉ်ကြောင့် မြန်မာနိုင်ငံအတွက် သံတမန်ရေးအရ ထောက်ခံ အားပေးမှုသည် အလွန် တန်ဖိုး မြင့်မားကြောင်းလည်း ၎င်းက ပြောသည်။
သူရ ဦးအောင်ကိုက “သူတို့ကလည်း တောက်လျှောက် အကြမ်းဖက်မှုကို ဆန့်ကျင်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ လတ်တလော အနောက်ဘက် ခြံစည်းရိုးမှာ ဖြစ်ပေါ်နေတဲ့ တဖက်သတ် စွပ်စွဲမှုတွေကိုလည်း ကမ္ဘာ့အသိုင်းအဝိုင်းက ယုံကြည်နေကြတဲ့အချိန် မှာ ဒီခရီးစဉ်က မြန်မာနိုင်ငံရဲ့ ဖြောင့်မတ်မှု၊ မှန်ကန်မှု အပေါ် သံတမန်ရေးအရ ကြီးမားတဲ့ အထောက်အကူ ဖြစ်မှာပါ”ဟု ဆိုသည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကလည်း ၂ နိုင်ငံကြား လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် မြေပြင် နယ်နိမိတ်နှင့် ပင်လယ် ရေကြောင်း နယ်နိမိတ်အား ကာကွယ် စောင့်ရှောက်ရာတွင် နှစ်နိုင်ငံ လက်တွဲ ဆောင်ရွက်ရေး၊ ကုလားတန် စီမံကိန်း၊ စစ်တွေ ဆိပ်ကမ်းနှင့် ပလက်၀ ဆိပ်ခံတံတားများ ဆောင်ရွက်ပြီးစီးမှု၊ ဘက်စုံပါဝင်သည့် ဖွံ့ဖြိုးရေး မိတ်ဖက် ဆောင် ရွက်ချက်အရ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် သုတေသန နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုတို့လည်း ပြန်လည် ဆွေးနွေး ခဲ့ကြောင်း ပူးတွဲ ကြေညာချက်အရ သိရသည်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာ ပေးအပ်ရေးနှင့် အိန္ဒိယ အကျဉ်းထောင်များတွင် ထိန်းသိမ်း ခံထားရသည့် မြန်မာနိုင်ငံသား ၄၀ ဦးအား လွှတ်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် သတင်းမီဒီယာကောင်စီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတွင် ဘက်စုံပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သဘောတူညီ ခဲ့ကြသည်။