အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုရန် ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)က အစိုးရထံ စာပို့ ကမ်းလှမ်းထားသော်လည်း အကြောင်းမပြန်သေးကြောင်း SNA ၏ ဗဟိုကော်မတီဝင် ၉၇၂ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “ကျနော်တို့ အစိုးရထံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံကို ပင်လုံညီလာခံ ဒုတိယအကြိမ် မတိုင်ခင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလား မတ်လလားမသိဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင် ခွင့်ပြုဖို့ ကမ်းလှမ်းထားတယ်။ ဒါပေမဲ့ တစုံတရာ အကြောင်းပြန်ကြားလာမှုတော့ မရှိသေးဘူး” ဟု ပြောသည်။
SNA သည် မူကြီး ၅ ရပ်ကို ချမှတ်ကာ ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိ အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
SNA မှ ချမှတ်ထားသော မူကြီး ၅ ရပ်မှာ မိမိအမျိုးသားများ အခွင့်အရေးကို ကာကွယ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ် တားဆီးရေး၊ ရှမ်းနီဒေသ ဘက်စုံဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံ တော်ကြီး ဖြစ်လာစေရန် တတ်နိုင်သည့် ကဏ္ဍမှ ညီနောင်တိုင်းရင်းသားများနှင့်အတူ အစွမ်းကုန် ကြိုးစား အကောင် အထည်ဖော်သွားမည် စသည်တို့ဖြစ်သည်။
SNA သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ သို့မဟုတ် မတ်လအတွင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ စာပို့၍ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ခွင့်ပြုရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ အစိုးရဘက်မှ တစုံတရာ အကြောင်းပြန် ကြားလာခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားများ တပ်မတော်(DKBA- ထုတ်ပယ်ခံအဖွဲ့)က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုကြောင်း စာပို့ ကမ်းလှမ်းမှုတချို့ ပြုလုပ်ထားကြောင်း သိရသည်။
အလားတူ ဇိုမီး ပြန်လည်ပေါင်းစည်းရေး အစည်းအရုံး(ZRO) ၊ ကူကီး အမျိုးသားအစည်းအရုံး (KNO) ၊ ကချင် အမျိုးသား အစည်းအရုံး (KNO) တို့ကလည်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လိုပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)သို့ အဖွဲ့အဖြစ် ပါဝင်ခွင့်ပြုရေး လျှောက်ထားမှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။
သို့သော် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေသော အဖွဲ့များမှ လွဲ၍ ကျန်အဖွဲ့သစ်များကို လက်မခံကြောင်း ပြောကြားခဲ့သလို လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ကလည်း အစိုးရဟောင်း၏ သဘောထားအတိုင်း လျှောက်လှမ်းနေကြောင်း သိရသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၁ ရက်က SNA က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံ့အကြီးအကဲ တာဝန်ရှိသူ အဆင့်ဆင့်တို့ ဦးဆောင်ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် ၂၁ ရာစု ပင်လုံနိုင်ငံရေး ဆွေးနွေးပွဲအား မိမိတို့ ကြိုဆို ထောက်ခံပါကြောင်း၊ မိမိတို့ SNA အနေဖြင့်လည်း ပါဝင် တက်ရောက် ဆွေးနွေးနိုင်ရန် သဘောထားများကို သက်ဆိုင်ရာ လူကြီးမင်းများထံသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ SNA အား ၂၁ ရာစု နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်ခွင့် မရှိစေရန် အချို့သော လက်နက်ကိုင်အဖွဲ့များမှ ကန့်ကွက်လျက်ရှိကြောင်း သိရှိရပါသည်ဟု ဆိုထားသည်။
အဆိုပါ ထုတ်ပြန်ချက်သည် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံ မကျင်းပမီ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးကော်မရှင် (PC) မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက “ ရှမ်းနီတပ်ဖွဲ့ရဲ့ အချက်အလက်တော့ ကျနော် တို့ငြိမ်းချမ်းရေး ကော်မရှင်မှာ မရှိဘူး။ တပ်မတော်အနေနဲ့တော့ အဖွဲ့သစ်တွေနဲ့ ထပ်ပြီးတော့ သီးခြား ပေါ်လစီကို ထုတ် ထားတာမတွေ့ရဘူး” ဟု ပြောသည်။
SNA က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ ငြိမ်းချမ်းရေးတွင် ပါဝင်ခွင့်ပြုရန် တင်ပြထားခြင်း ကိစ္စများကို ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် မသိရှိကြောင်း ယင်းအဖွဲ့ဝင် တဦးကပြောသည်။
၂၀၁၇ ခုနှစ်၊သြဂုတ် ၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ နမ့်စပေါ ကျေးရွာတွင် SNA က မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအတွက် ရွာသားများနှင့် ဆွေးနွေးနေစဉ် ဟုမ္မလင်းအခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း (ခလရ ၅၂) နှင့် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသေးသည်။
ထိုပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ခွဲမှူး တဦး ကျဆုံးခဲ့ပြီး တပ်ကြပ်တဦး ဒဏ်ရာရရှိခဲ့သလို SNA ဘက်မှလည်း တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့ကာ ဒဏ်ရာရရှိခဲ့သူများလည်း ရှိခဲ့ကြောင်း သိရသည်။