သတင်း

H1N1 သတိပေးချက်များ ဆက်လက်လိုက်နာရန် လိုအပ်

Want create site? Find Free WordPress Themes and plugins.

ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 ဖြစ်ပွားမှုနှင့် သေဆုံးမှုများ လျော့ကျလာသော်လည်း ပြည်သူ လူထုအနေဖြင့် ယခင်က ထုတ်ပြန်ထားသည့် ဆောင်ရန်ရှောင်ရန နည်းလမ်းများကို ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်နေသေးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။

ဒေါက်တာသန်းထွန်းအောင်က “ရာသီတုပ်ကွေးက အခုကတော့ ပုံမှန်ပဲ ကျသွားပြီ။ အဖြစ်လည်း နည်းသွားပြီ။ အသေ လည်း နည်းသွားပြီ။ သို့သော်လည်း ဆက်လုပ်နေရဦးမှာ။ ပြည်သူလူထုအနေနဲ့ အရင်အတိုင်းပဲ ဆောင်ရန် ရှောင်ရန်တွေ တနှစ်ပတ်လုံးပဲ လိုက်နာရပါမယ်။ သေဆုံးတာက တပတ်အတွင်းမှာ ၁ ယောက်၊ ၂ ယောက်ပဲ ရှိ တော့တယ်” ဟု ပြောသည်။

စက်တင်ဘာ ၆ ရက်နေ့အထိ တနိုင်ငံလုံး၌ H1N1 ကြောင့် သေဆုံးသူဦးရေမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၈ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ ဦးနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များတွင် ၁၀ ဦး၊ စုစုပေါင်း ၃၇ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် H1N1 လူနာများ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး လူနာအသစ်များလည်း ထပ်မံရောက်လာခြင်းမရှိကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင် က ဧရာဝတီသို့ ပြောသည်။

ဒေါက်တာအေးအေးအောင်က “ကျမတို့ ဆေးရုံမှာ ၃၁ ရက်နေ့ကနေ စပြီးတော့ လူနာအသစ် တက်ရောက်တာ မရှိတော့ပါဘူး။ ၁ ရက်နေ့ ညနေပိုင်းကနေစပြီးတော့လည်း လူနာဆင်းတာ ကုန်သွားတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဆေးရုံမှာ လူနာအဟောင်းရော အသစ်ရော မရှိတော့ပါဘူး” ဟုပြောသည်။

H1N1 ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လာမည့် တပတ်အတွင်း သုံးသပ်ချက် တခု ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း သိရသည်။

“မကြာမီမှာ ဘာတွေလုပ်မယ်ဆိုတာ သုံးသပ်ချက် ထုတ်မယ်။ သတင်းစာထဲမှာလည်း ထည့်ပါမယ်။ အကျယ်တဝင့် လုပ်ပါ့မယ်။ သုံးသပ်ချက်ထဲမှာ ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပွားမှု သေဆုံးမှု ကူးစက်မှု ဘာတွေဆက်ပြီး လုပ်ဆောင်မယ် ဆိုတာကို ထုတ်ပါမယ်။ ဒီတပတ်အတွင်း ထုတ်ဖြစ်မှာပါ” ဟု ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့ နေ့လယ်၂ နာရီအထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လူနာ ၁၀၈၃ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာစုစုပေါင်း ၃၈၆ ဦး နှင့် သေဆုံးသူ ၃၇ ဦးအထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading