ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း နှစ်ဘက် အသိုင်း အဝိုင်း နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော် ခရီးစဉ်ကို စက်တင်ဘာလ ဒုတိယ အပတ်တွင် သွားရောက်ဖြစ်ဖွယ် ရှိပြီး ယင်း ခရီးစဉ်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့နှင့် တွေ့ဆုံမည်ဟု သိရသည်။
RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းငင်း က “ဒီကိစ္စ ကျနော်တို့ လောလောဆယ် သတင်း မထုတ်ပြန်သေးပါ ဘူး။ နောက်ထပ် ၂ ရက်လောက်နေမှ ထုတ်ပါမယ်။ အဲဒီအခါကြမှ ပြောပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အပစ်ရပ်ပြီးနောက် တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သော RCSS/SSA နှင့် အစိုးရ၊ တပ်မတော်တို့ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေးကို ဦးတည် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသော်လည်း အသေး စိတ် ကိုတော့ မသိရှိရသေးပေ။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရန် အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ် ကို ယခုနှစ် သြဂုတ် လကုန်ပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ရုံး မှတဆင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း RCSS/SSA က သြဂုတ်လ ၂၄ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ သည်။
ထိုကြေညာချက်တွင် “နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဖိတ်ခေါ်မှုသည်။ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ယုံကြည်မှု တည် ဆောက် ခြင်းအား ခိုင်မာစေသည့် ဆောင်ရွက်ချက် ဖြစ်သဖြင့် မိမိတို့အဖွဲ့အစည်းမှ အဆိုပါ ဖိတ်ခေါ်ခြင်းကို လက်ခံ ကြိုဆို ပါသည်” ဟု ဖော်ပြထားသည်။
ထို့အတူ တွေ့ဆုံဆွေးနွေးရာတွင် အထောက်အကူ ဖြစ်စေရန် RCSS/SSA မှ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး အစိုးရဘက် လုပ်ငန်း အဖွဲ့နှင့် လိုအပ်သည့် လုပ်ငန်းကိစ္စရပ်များ ကြိုတင်ညှိနှိုင်း ဆွေးနွေးနိုင်ရေး အတွက် စေလွှတ်မည်ဖြစ်ပြီး လုပ်ငန်းနှစ်ဖွဲ့ ကြား ရရှိသည့် ဆွေးနွေးမှု ရလဒ်များအပေါ် မူတည်၍ ဥက္ကဋ္ဌ၏ ခရီးစဉ်ကို ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
“ဤခရီးစဉ်သည် ယုံကြည်မှု တည်ဆောက်ခြင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာ တွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါသည်” ဟု ထိုကြေညာချက်တွင် ဖော်ပြပါရှိသည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူ စာချုပ် (NCA) ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ် ရေးထိုး ခဲ့သည့် အဖွဲ့ဖြစ်သည်။
ထိုကဲ့သို့ အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသော်လည်း တပ်မတော်နှင့် RCSS/SSA တို့ကြား နယ်မြေပြဿနာနှင့် ဆက်စပ်သည့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။
ယင်းသို့တိုက်ပွဲများ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-s)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တို့မှတဆင့် အဆင့်ဆင့် ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ထိရောက်သည့် သဘောတူညီချက်မျိုး မရရှိခဲ့ဟု ဆိုသည်။