မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မိုင်ပေါင်း ၁၇၀ ခန့်တွင် ခြံစည်းရိုးခတ်ရန် ကျန်ရှိနေသည့် မိုင် ၄၀ ကျော်ကို အချိန်မဆိုင်းဘဲ ရသည့်နည်းဖြင့် ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေသည့် ယင်းခြံစည်းရိုးခတ်ရန် ကျန်ရှိသည့် မိုင် ၄၀ ကျော်အတွက် ယခုနှစ် ဘတ်ဂျက်တွင် ပါဝင်လျာထားခြင်း မရှိကြောင်း သတင်းများ ထွက်ပေါ်နေစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်ဌေးက “ဘယ်လိုပုံစံလဲဆိုတော့ ခြံစည်းရိုးကို ရတဲ့နည်းနဲ့ ခတ်မယ်။ နောက်နှစ်ထိ မစောင့်ဘူး။ ဘယ်ငွေနဲ့ ဆက်လုပ်မလဲ ဆိုတာတော့ မသိရသေးဘူး။ ဒါပေမယ့် ဆက်လုပ်မယ်”ဟု စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်အရေးကိစ္စ အတိုင်ပင်ခံရုံး ရှင်းလင်းပွဲအပြီးတွင် ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တွင် စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် ရခိုင်ပြည်နယ်အရေး ကိစ္စများ နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရှင်းလင်းပွဲတွင်လည်း နိုင်ငံခေါင်းဆောင်များကြားတွင် ခြံစည်းရိုး အပြီးသတ်ရေးကိစ္စ ဆွေးနွေးခဲ့ သည်ဟု သိရသည်။
နယ်စပ်ခြံစည်းရိုး ပျက်စီးနေသည့် နေရာတွင် အမြန်ဆုံး ပြုပြင်ခြင်း၊ ကျန်သည့်နေရာများတွင် အဆင့်မီစွာဖြင့် လုံခြုံရေး စိတ်ချရရန် အမြန်ကာရန်ခြင်း၊ ခြံစည်းရိုး ကာခြင်းအတွက် လိုအပ်သည့်ငွေကို နိုင်ငံတော်က ချက်ချင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။
“နယ်စပ် ခြံစည်းရိုး လုံခြုံမှု အားနည်းသည့် နေရာမျာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို လုံလောက်စွာ ချထားမည်”ဟု ခေါင်းဆောင် များက ဆွေးနွေးကြကြောင်း အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ဘတ်ဂျက်ငွေ မရှိသေးသော်လည်း သမ္မတ ရန်ပုံငွေမှ ခြံစည်းရိုးကို အပြီးသတ်မည်ဟု ကြားသိထားကြောင်း၊ ယခုကဲ့သို့ နယ်စပ် ဒေသ တည်ငြိမ်မှု မရှိဘဲ အကြမ်းဖက်မှုများ တိုးလာချိန်တွင် ဖြစ်သည့် နည်းလမ်းကို သုံး၍ ခြံစည်းရိုး ကာရမည် ဖြစ်ကြောင်း၊ ဘတ်ဂျက် ခွင့်ပြုပေးရန် လွှတ်တော်သို့ တင်ပြလာပါကလည်း ကိုယ်စားလှယ်များက ငြင်းဆိုမည် မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောသည်။
ဦးခင်မောင်လတ် က “လုပ်ပေးမယ်လို့ ကြားတယ်။ ခြံစည်းရိုးကာတာက လုပ်ကို လုပ်ရမယ့် အလုပ်လေ။ ခြံစည်းရိုး မလုံလို့ ဒီလို ပြဿနာတွေ ဖြစ်တာ ပေါ့။ နိုင်ငံတကာမှာ သုံးနေတဲ့ ခြံစည်းရိုးတွေနဲ့ယှဉ်ရင် ကျနော်တို့ဆီက အရည်အသွေး အရမ်းနိမ့်တယ်။ ခြံစည်းရိုးကို ဘယ်လို ဖောက်တယ်။ ဘယ်လို ကျော်တယ်ဆိုတာ အကုန် မြင်နေရတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနကမူ ရခိုင်ဒေသ နယ်မြေ ငြိမ်းချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားလာရေး အဆင် ပြေစေရန် အဓိက ဆောင်ရွက်ပေးကြောင်း၊ အကူအညီပေးရာတွင်လည်း ၂ ဘက် လူ့အဖွဲ့အစည်း သဟဇာတဖြစ်စေရန် ဆောင်ရွက်ပေးနေကြောင်း ထိုဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ပြောသည်။
ဗိုလ်ချုပ်သန်းထွဋ် က “နယ်စပ်လုံခြုံရေးက ကိုယ်တို့နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ပံ့ပိုးပေးတယ်။ နယ်စပ်ပတ်လမ်းတွေကို ကျနော်တို့ ဝန်ကြီးဌာနက လုပ်ပါတယ်။ နယ်စပ်ဒေသ ဖွံဖြိုးရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်”ဟု လွှတ်တော်တွင် ဧရာဝတီနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။