ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် တထောင်ခန့်ကို နေရပ်သို့ ပြန်ပို့ပေးနိုင်ရေး အတွက် ကချင်ဘာသာရေး အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)တို့က စီစဉ်နေသည်ဟု သတင်းရရှိသည်။
တနိုင်းမြို့နယ်အတွင်း ဘုရားကျောင်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၉၃၉ ဦးရှိပြီး ၎င်းတို့မှာ ဇွန်လ ပထမပတ်အတွင်းက တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၄ တို့ တိုက်ပွဲဖြစ်ပွားရာမှ ထွက်ပြေးလာကြသူများ ဖြစ်သည်။
PCG မှ ဦးလမိုင်ဂွမ်ဂျာက “ကချင်နှစ်ခြင်းခရစ္စယာန် အဖွဲ့ချုပ်က ဆရာတော်တွေ ရိုမန်ကက်သလစ်က ဘုန်းတော်ကြီး တွေနဲ့အတူ ကျနော်တို့ IDPs (ပြည်တွင်း စစ်ဘေးရှောင်) တွေကို သွားတွေ့တယ်။ သူတို့ နေရပ်ပြန်နိုင်ဖို့ သဘောဆန္ဒ ဘယ်လိုရှိလဲဆိုတာကို မေးတာပါ။ အဲဒါကို သက်ဆိုင်ရာ အစိုးရနဲ့ တပ်မတော်ကို ပြန်တင်ပြဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။
ဘာသာရေး အဖွဲ့အစည်းမှ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST) နှင့် PCG တို့က စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် တနိုင်းမြို့ရှိ ဘာသာရေးကျောင်းများတွင် ခိုလှုံနေသည့် စစ်ရှောင်ဦးရေ ၉၃၉ ဦးတို့နှင့် တွေ့ဆုံကာ ထိုထဲမှ စစ်ရှောင်အချို့ကို တဦးချင်းနှင့် အဖွဲ့လိုက် အမေးအဖြေများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အမေးအဖြေ ပြုလုပ်ရာတွင် စစ်ဘေးရှောင်ဒုက္ခသည်များက ၎င်းတို့ နေရပ်ကို ပြန်လိုကြောင်း၊ ပြန်နိုင်ရန် နှစ်ဖက် တပ်ဖွဲ့များက အရပ်သားများ၏ ရွာများ၊ လမ်းမများတွင် နေရာယူထားသည့် တပ်ဖွဲ့များကို ပြန်လည် နောက်ဆုတ် ပေးရန်၊ နှစ်ဖက်ထောင်ထားသည့် မိုင်းများကို ရှင်းလင်းပေးရန်နှင့် ပြန်လည် ထူထောင်ရေးအတွက် အထောက်အပံ့ များ ပေးစေလိုကြောင်း တောင်းဆိုကြသည်ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
စစ်ရှောင်များနှင့် တွေ့ဆုံမှု ပြုလုပ်ရာတွင် တနိုင်းမြို့အခြေစိုက်၊ တပ်မတော်၏ ဒေသကွပ်ကဲရေးမှူး (ဒကစမှူး) လည်း လာရောက်ခဲ့ပြီး နေရပ်ပြန်ရေး ကိစ္စရပ်များတွင် ကူညီပေးမည်ဖြစ်ကြောင်း၊ မိုင်းရှင်းလင်းရေးကိုလည်း လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း ပြောဆိုသွားသည်ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
ဦးလမိုင်ဂွမ်ဂျာက “JSTက နိုင်ငံတကာ ဥပဒေအရ IDPs တွေ နေရပ်ပြန်ရေးအတွက် လိုအပ်တဲ့ အချက်အလက် တွေကို စာရင်းကောက်ယူထားတယ်။ အချက်အလက်တွေကို စုဆောင်းနေတယ်။ ၂ရက်၊ ၃ရက်နေရင် သက်ဆိုင်ရာ ကို တင်ပြဖို့ ရှိပါတယ်။ ကချင်ပြည်နယ် အစိုးရကိုရော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုရော တင်ပြမှာပါ။ ဆွေးနွေး သွားမှာပါ ” ဟု ပြောသည်။
၂၀၁၇ ခုနှစ် ဇွန်လ ပထမပတ်က တနိုင်းမြို့နယ်ရှိ ရွာများထံသို့ တပ်မတော်က ရဟတ်ယာဉ်ဖြင့် စာများ ကြဲချပြီး ထို စာထဲတွင် KIA ၏ တရားမဝင် မှော်များကို သိမ်းမည်ဖြစ်သဖြင့် ဇွန်လ ၁၅ ရက် နောက်ဆုံး ထွက်သွားရန် ၊ မသွားပါက အကြမ်းဖက် သောင်းကျန်းသူများနှင့် ပူးပေါင်းသူများအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ရေးသားထားသည်။ ထို့ နောက် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
တနိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းများတွင် ခိုလှုံနေသူများအတွက် တရားဝင် စစ်ဘေးရှောင်စခန်း ဖွင့်မည်ဟု ဘာသာ ရေး ဆရာများက စီစဉ်ခဲ့ကြသော်လည်း “ မြို့ဂုဏ်သိက္ခာ ကျဆင်းသည် ” ဟုဆိုကာ အာဏာပိုင်များက ဖွင့်ခွင့် မပေး ခဲ့သဖြင့် ဘာသာရေးကျောင်းများတွင် ယာယီအနေအထားဖြင့်သာ ခိုလှုံလျက် ရှိသည်။
သြဂုတ်လ ၁၄ ရက်၊ နေပြည်တော်၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စား လှယ် ဒုဗိုလ်မှူးကြီး ခင်မောင်ဆွေက KIA ထိန်းချုပ်သည့် တနိုင်းဒေသကို နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ် သွားမည်ဟု ပြောဆိုထားသည်။
စစ်ဘေးရှောင်ဒုက္ခသည် ကူညီရေး ကော်မတီမှ ဦးနော်တောင်က “သက်ဆိုင်ရာလူကြီးတွေက ပြန်နိုင်ဖို့ လုပ်ဆောင် မယ်ဆိုတာ သိရတယ်။ ဒါပေမယ့် တကယ်ဖြစ်လာနိုင်ဖို့က အချိန်နည်းနည်းတော့ ယူရမယ့် သဘောရှိပါတယ်။ တပ်မတော်ရဲ့ သဘောထားပေါ်မှာလည်း မူတည်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဒုက္ခသည်များအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ မရရှိတော့သဖြင့် စုဆောင်းထားသည့် ဆန်၊ ဆီ၊ ဆားတို့ကို ဝေငှကာ နေ့စဉ် ဟင်းဖိုးအတွက် ဘုရားကျောင်းများက စိုက်ထုတ်ပြီး ပေးနေရသဖြင့် အခက်အခဲ ရှိသည် ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်ဒုက္ခသည် ကူညီရေး ကော်မတီမှ ဦးမုန်ဒန်ကလည်း “လူသားချင်း စာနာတဲ့ အကူအညီတွေ ဆက် မ လာတော့ဘူး။ နေရာမပေးနိုင်တော့ အားလုံးကို စုပြီး ချက်စားခိုင်းတယ်။ ဟင်းဖိုးက တော်တော်လေး ပိုက်ဆံကုန်တဲ့ အထဲမှာပါတယ်။ ကျနော်တို့ နှစ်ခြင်းကျောင်းမှာ လူ ၄၀၀ကျော်ကို တနေ့ ၂သိန်းကျော် ဟင်းဖိုးပေးရပါတယ်။ ဒါတောင် ဆန်၊ဆီ၊ဆား မပါဘူး” ဟု ပြောသည်။
ဦးမုန်ဒန်က စစ်ဘေးရှောင် ဒုက္ခသည်များ၏ နေရပ်ရင်းသို့ သွားရာ လမ်းမကြီးများတွင် တပ်မတော်က လုံခြုံရေးများ ယူထားသဖြင့် စစ်ဆေးမှုများ ရှိနေကြောင်း၊ တပ်စခန်းများ ရှိနေခြင်းကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်သဖြင့် ယခုအခြေအနေဖြင့် နေရပ်ပြန်ရမည်မှာ လုံခြုံမှု မရှိသေးကြောင်း၊ ၎င်းအနေဖြင့် စစ်ရှောင်များကို လုံခြုံမှုရှိရှိဖြင့် ဂုဏ် သိက္ခာနှင့်အညီ နေရပ်ပြန်နိုင်မည့် အခြေအနေကို လိုလားသည်ဟု ပြောသည်။
“နောက်တခုက ရွာဘေးတွေမှာ နှစ်ဖက်က မြေမြှုပ်မိုင်းတွေ အများကြီး ထောင်ထားတယ်လို့ ကျနော်တို့ ကြားသိရ တယ်။ အဲဒါတွေကို ကောင်းကောင်းမွန်မွန်နဲ့ ရှင်းနိုင်ဖို့ လိုတယ်။ အဓိကကတော့ စစ်ရှောင်တွေကို စောင့်ရှောက်တဲ့ ကျနော်တို့ ကော်မတီရဲ့ ရပ်တည်ချက်က ကျနော်တို့ အသင်းသူ၊ အသင်းသားတွေ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာ ရှိစွာ နေရပ်ပြန်နိုင်ရေးကို လိုချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် တနိုင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားထားသည့် ဒေသခံများ နေထိုင်ရာ အင်ဂါးဂါးရွာ၊ နမ်ဗျူရွာတို့အနီး တွင် နှစ်ဖက်တပ်စခန်းများ ရှိနေပြီး ရွာများသို့ သွားသည့် လမ်းမကြီး ၃ခုကိုလည်း တပ်မတော်က တရားဝင် ပိတ် ထားကြောင်း သိရသည်။
၎င်းတို့၏ နေရပ်ရင်းမှာ တနိုင်းမြို့နယ်အတွင်းရှိ အင်ဂါးဂါးရွာ၊ နမ်ဗျူရွာနှင့် အခြားကျေးရွာများမှ ဖြစ်ပြီး ထိုရွာများမှာ တနိုင်းမြို့ပေါ်မှ သွားမည်ဆိုလျှင် ကုန်းလမ်း၊ ရေလမ်း ၂လမ်း သွားရပြီး ဖုန်းလိုင်း အခက်အခဲရှိသည့် ဒေသများ ဖြစ် သည်။
PCG ကမူ စစ်ဘေးရှောင် ဒုက္ခသည်များထံမှ ကောက်ယူထားသည့် အသံများကို စုဆောင်းပြီး ကချင် ပြည်နယ်အစိုးရ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ညှိနှိုင်းမည့်အပြင် KIA ဘက်ကိုလည်း ပြောဆို ဆွေးနွေးသွားမည်ဟု ဦးလမိုင်ဂွမ် ဂျာက ဆိုသည်။
ထိုတွေ့ဆုံမှုများပြီးမှသာ စစ်ဘေးရှောင်ဒုက္ခသည်များ၏ နေရပ်ပြန်နိုင်ရေးကိစ္စကို သိရှိရမည် ဖြစ်သည်။
သြဂုတ်လ အတွင်းကလည်း နမ္မတီးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာရသည့် စစ်ဘေးရှောင် ဒုက္ခ သည် တထောင်ကျော် နေရပ်ပြန်နိုင်ရေးအတွက် ဘာသာရေး အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် PCG တု့ိက တပ်မ တော်နှင့် KIA တို့ကို ညှိနှိုင်းပေးခဲ့သဖြင့် ဒေသခံများ နေရပ်ပြန်နိုင်ခဲ့သည်။