ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့အနီးရှိ မွတ်ဆလင်များ စွန့်ပစ်ခဲ့သည့်ကျေးရွာတွင် ကြာသပတေးနေ့က မီးလောင်ရာ သတင်းသမားများ သွားရောက် သတင်းယူခဲ့ကြချိန်တွင် ရခိုင်လူငယ်များကိုသာ တွေ့ကြရသောကြောင့် မွတ်ဆလင်များသည် ၎င်းတို့နေအိမ်များကို ၎င်းတို့ဘာသာ မီးရှို့သည်ဟူသော အစိုးရ၏ ပြောဆိုချက်မျာကို ပိုမို သံသယ ဝင်လာစေသည်။
သတင်းသမား ၂ ဒါဇင်ခန့်သည် အစိုးရ၏ အစီအစဉ်အရ မောင်တောတွင် သတင်းယူစဉ် ဂေါ်ဒူဇာရ ကျေးရွာတွင် မီးလောင်နေသည်ကို တွေ့ခဲ့ရသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် မွတ်ဆလင် စစ်သွေးကြွများက ဂေါ်ဒူဇာရနှင့် အခြားနေရာများရှိ ရဲစခန်းများကို တိုက်ခိုက်ပြီးနောက် ၂ ပတ်အတွင်း ဒေသတွင်းရှိ မွတ်ဆလင် ၁၄၆၀၀၀ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ထွက်ပြေးခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။
လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း စစ်သွေးကြွဟု ဖော်ပြခံရသူ ၄၀၀ နီးပါး တိုက်ပွဲများတွင်သေဆုံးသည်ဟု အစိုးရက ကြေညာခဲ့သည်။ ရွာများကိုလည်း စစ်သွေးကြွများက မီးရှို့သည်ဆိုသည်။ သို့သော် အထောက်အထား တင်ပြခဲ့ခြင်း မရှိပေ။ မွတ်ဆလင်များကမူ ထိုမီးများကို လုံခြုံရေးတပ်ဖွဲ့များနှင့် ၎င်းတို့ကို တိုက်ခိုက်မောင်းထုတ်သူ ရခိုင်များက ရှို့သည်ဟု ပြောကြသည်။
သတင်းထောက်များကို ကြာသပတေးနေ့က သွားရောက်ခွင့်ပေးခဲ့သော အကြီးအကျယ် ပျက်စီးနေသည့် ရွာ ၅ ရွာတွင် မွတ်ဆလင် ရွာခံ တယောက်တလေမျှ မတွေ့ရပေ။
ဂေါ်ဒူဇာရရွာ မီးလောင်မှုကို သတင်းယူရန် ရောက်သွားသောအခါ မီးခိုးများကြားမှ ထွက်လာသော ရခိုင်တဦးက ရဲများနှင့် ရခိုင်များက မီးရှို့သည်ဟုပြောပြီး အခြားမေးခွန်းများကို မေးမြန်းနိုင်ခြင်း မရှိမီ ထွက်သွားသည်။ သို့သော် သတင်းသမားများနှင့် လိုက်ပါလာသော ရဲများမှ လွဲ၍ အခြား မည်သည့် ရဲကိုမျှ မတွေ့ရပေ။
ထိုနေရာတွင် ဓါးကိုင်ထားသူများအပါအဝင် ရခိုင်လူငယ် ၁၀ ဦးခန့်ကို တွေ့ရပြီး ၎င်းတို့သည် စိတ်လှုပ်ရှားနေပုံရသည်။ ၎င်းတို့ထဲမှ တဦးသာ စကားပြောပြီး ထိုသူကို သတင်းထောက်များက မေးမြန်းရာ သူတို့လည်း ယခုမှရောက်လာပြီး မီးမည်သို့ စတင်လောင်ကျွမ်းသည်ကို မသိဟု ပြန်ဖြေသည်။
မီးလောင်နေသော အဆောက်အအုံများတွင် အစ္စလမ်စာသင်ကျောင်းတခုလည်း ပါဝင်ပြီး ကိုရမ်ကျမ်းစာအုပ်များ စုတ်ပြဲနေပြီး ကျောင်းအပြင်တွင် ပစ်ထားသည်ကို တွေ့ရသည်။ အနီးရှိ ဗလီကို လောင်ကျွမ်းခြင်း မရှိပေ။
သတင်းသမားများ သွားရောက်ခဲ့သော အခြားရွာတရွာဖြစ်သည့် အလယ်သံကျော်ကျေးရွာမှာမူ ပြာကျပြီး လူသူကင်းမဲ့နေသည်။ ကျွဲ၊ နွားနှင့် ခွေးများ လောင်ကျွမ်းဆဲ အပျက်အစီးများကြားတွင် ဦးတည်ရာမဲ့ သွားလာနေကြသည်။
လွန်ခဲ့သောလက အကြမ်းဖက်မှုများ စတင်သောအခါ ထိုရွာတွင် လူ ၁၈ ဦး အသတ်ခံရသည်ဟု ဒေသခံရဲအရာရှိ ဦးအောင်ကျော်မိုးက ပြောသည်။ “ကျနော်တို့ဘက်က လူဝင်မှုကြီးကြပ်ရေး အရာရှိတယောက် သေတယ်။ ရန်သူဘက်က အလောင်း ၁၇ လောင်းရတယ်” ဟု ရှင်းပြသည်။
မီးများကို သြဂုတ်လ ၂၅ ရက်နေ့က ရှို့ခဲ့ပြီး အချို့မှာ ကြာသပတေးနေ့အထိ ဆက်လက်လောင်ကျွမ်းနေသည်ဟု ဦးအောင်ကျော်မိုးက ပြောသည်။ သတင်းသမားများတွေ့ခဲ့သော အဆောက်အအုံ အားလုံးနီးပါးနှင့် ထွက်ပြေးသွားသူများ ထားခဲ့သည့် ကား၊ ဆိုင်ကယ်နှင့် စက်ဘီးအားလုံး မီးလောင်ခံထားရသည်။ ဗလီတခုလည်း ပျက်စီးနေသည်။
အဝေးတွင် မီးခိုးများလိပ်တက်လာသည်ကို မြင်ရပြီး သေနတ်သံများလည်း ကြားနေရသည်။
“သူတို့အိမ်ကို သူတို့မီးရှို့ပြီး ထွက်ပြေးသွားကြတာ။ ဘယ်သူရှို့တယ်ဆိုတာ ကျနော်တို့မမြင်ရဘူး။ ကျနော်တို့က ကျနော်တို့စခန်းရဲ့ လုံခြုံရေးကို လုပ်နေရတာ။ ဒါပေမယ့် မီးရှို့တဲ့အချိန်မှာ ရွာမှာ ဘင်္ဂလီတွေပဲ ရှိတယ်” ဟု ဦးအောင်ကျော်မိုးက ပြောသည်။
ကိုးကား။ ။ Associated Press