မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစုဝေးရာ ပုဂံဒေသအတွင်း ရှေးဟောင်း အဆောက်အအုံပေါင်း ၃၈၂၂ ခု ရှိကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်း (AMA) က ၎င်းတို့၏ တွေ့ရှိချက်ကို စက်တင်ဘာ ၅ ရက်နေ့က သတင်း ထုတ်ပြန်လိုက်သည်။
“၁၉၉၆ ကနေ ၂၀၁၂ လောက်အထိ ဘက်စုံပြင်တဲ့အချိန်မှာ ရှေးဟောင်းကနေ ထုတ်ပြန်ခဲ့တာတော့ ၃၁၂၂ ဆူရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ သြဂုတ်မှာတော့ ၃၈၂၂ ဆူရှိတယ်ဆိုတာ ထုတ်ပြန်နိုင်ခဲ့ပါပြီ” ဟု မြန်မာနိုင်ငံ ဗိသုကာ အသင်းဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။
AMA မှ စစ်တမ်းကောက်ယူခဲ့သော ရှေးဟောင်းအဆောက်အအုံ အရေအတွက်မှာ ၃၆၉၉ ဖြစ်ပြီး AMA ၏ စစ်တမ်းတွင် မပါသေးသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (DoA) မှ စစ်တမ်းကောက်ယူခဲ့သော ရှေးဟောင်း အဆောက်အအုံ အရေအတွက်မှာ ၁၂၃ ခု ပါဝင်ပြီး စုစုပေါင်း ၃၈၂၂ ဖြစ်ကြောင်း သိရသည်။
ပုဂံဘုရားများ စစ်တမ်းကောက်ယူခြင်းလုပ်ငန်း (AMA Bagan Architecture Inventory) နှင့်ပတ် သက်၍ ရရှိလာသော ရလဒ်များ သတင်းထုတ်ပြန် ရှင်းလင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့က AMA ရုံးခန်း၌ ပြုလုပ်ခဲ့ပြီး အဆိုပါ စစ်တမ်းကို လုပ်အားပေးအဖွဲ့ဝင်ပေါင်း ၃၀၀ ကျော်က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၅ မှ ၂၀၁၆ ဒီဇင်ဘာ ၂၉ အထိ သုံးလအကြာ ကောက်ယူခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ တွင် သတင်းထုတ်ပြန် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
AMA Bagan Architecture Inventory စစ်တမ်းကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) World Heritage list တင်သည့်နေရာတွင် အကူအညီရရန် အဓိက ရည်ရွယ်ခဲ့ခြင်းဖြစ်သကဲ့သို့ ပြုပြင်ရေးလုပ်ငန်းများ လုပ်မည် ဆိုပါကလည်း မှီငြမ်း အသုံးပြုနိုင်ရန် ရည်ရွယ်ကြောင်း ဦးဆန်းဦးက ရှင်းပြသည်။
“အဲဒီလို မှတ်တမ်းယူတဲ့အတွက် အမျိုးမျိုးအသုံးဝင်ပါတယ်။ ဒီဘုရားတွေ ပြင်မယ်ဆိုရင် ကျနော်တို့ မှတ်တမ်းနဲ့ မှီငြမ်းပြီး ဘယ်လိုပြင်မလဲဆိုတာ သူတို့အတွက် အသုံးဝင်ပါတယ်။ အမှန်အတိုင်းပြောရင် သေသေချာချာ ကမ္ဘာက လက်ခံနိုင်တဲ့ ပုံစံနဲ့မဟုတ်ဘဲနဲ့ စနစ်တကျမပြင်ဘဲနဲ့ လျှောက်ပြီးတော့ ပြင်မှာ ကြောက်တယ်။ ဒါ ကျနော်တို့ရဲ့ ရိုးသားသော စိုးရိမ်ချက်။ အဲဒီလိုများဖြစ်လာရင် အရင်တုန်းက ဘယ်လိုရှိနေတယ်ဆိုတာ မှတ်တမ်းယူဖို့ အရမ်းအရေးကြီးတယ်လို့ ယူဆလို့ မှတ်တမ်း တင်ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ် သြဂုတ် ၂၄ ရက်တွင် ပုဂံဒေသ၌ အင်အား ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိ ပြင်းထန်သည့် ငလျင်ကြီး လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ စေတီပုထိုးပေါင်း ၃၉၈ ဆူအထိ ပျက်စီးခဲ့မှုကြောင့် AMA ၏ စာရင်းကောက်ယူမှု လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စွာ ပြုလုပ်ဖြစ်ခဲ့သည်ဟု AMA ဒုတိယဥက္ကဋ္ဌ ဦးမော်လင်းက ရှင်းလင်းပြောဆိုသည်။
“ငလျင်လှုပ်ပြီး ပျက်စီးတာဆိုတော့ ပြန်ပြီး ပြင်ဆင်ကြမှာ ပြုပြင်ကြမှာတွေရှိတဲ့အတွက် စစ်တမ်းတွေ မလုပ်ထားရင် ဒါတွေ ဟာ မူလ။ ဒါတွေက နောက်မှထပ်တိုးတယ်ဆိုတာတွေမရှိရင် အကုန်လုံးရောထွေးသွားနိုင်တယ်။ အခုတော့ တတ်နိုင်ဆုံး မီတဲ့နေရာကနေလိုက်ပြီး စစ်တမ်းကောက်ကြရင်ကောင်းမယ်ဆိုပြီး ပိုပြီးမြန်မြန် လုပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
AMA ၏ စစ်တမ်းတွင် ပုဂံရှေးဟောင်း အဆောက်အအုံများ ဖြစ်တည်ပုံနှင့် စာရင်းဇယားများကို အသေးစိတ်ဖော်ပြထားပြီး ယင်းတို့ကောက်ယူခဲ့သည့် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၆၉၉ အနက် ၁၁၇၉ သည် လာရောက်သူမရှိသော ရှေး ဟောင်းအဆောက်အအုံများ၊ ၁၆၃၃ သည် လူသူ အလာနည်းသော ရှေးဟောင်းအဆောက်အအုံများ၊ ၈၄၈ သည် လူအလာ များသော ရှေးဟောင်းအဆောက်အအုံများ၊ ၃၂၇ သည် ဂေါပကရှိသော ရှေးဟောင်းအဆောက်အအုံများဖြစ်ကြောင်း တွေ့ ရသည်။
ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ အရေအတွက်နှင့်ပတ်သက်၍ လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့် ၁၉၈၀ ပြည့်နှစ်ကာလများတွင် ယူနက်စကို၏ ရန်ပုံငွေထောက်ပံ့ပေးမှုဖြင့် ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Pierre Pichard မှ Inventory of Monuments at Pagan ဟူ၍ စာရင်းကောက်ယူခဲ့ရာ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ စုစုပေါင်း ၂၈၃၄ ဆူ ရှိခဲ့ကြောင်း သိရသည်။
ယခု AMA မှ ကောက်ယူသည့် စစ်တမ်းသည်လည်း ပြင်သစ်လူမျိုးပညာရှင် Pierre Pichard ၏ စာရင်းကို အဓိကအခြေခံ ထားပြီး အပ်ဒိတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း AMA မှ တာဝန်ရှိသူများက ပြောသည်။
AMA Bagan Architecture Inventory ၏ ရလဒ် ထွက်လာသည့်အချိန်တွင် မြန်မာနိုင်ငံ ဗိသုကာအသင်းမှ နာယကများ၊ ဝါရင့်ဗိသုကာကြီးများ၊ နည်းပညာတက္ကသိုလ် ဗိသုကာဌာနများမှ ဌာနမှူးများ၊ ပါမောက္ခများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ပညာရှင်များအား တင်ပြညှိနှိုင်းခြင်း၊ နိုင်ငံတော်အကြီးအကဲများ၊ UNESCO မှ ပညာရှင်များ နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ပညာရှင်များအား အသိပေးတင်ပြခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
၂၀၁၇ သြဂုတ် ၂၇ တွင် ပုဂံ၌ ပြုလုပ်ခဲ့သော ၂၀၁၆ ပုဂံဒေသ ငလျင်လှုပ်ခတ်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ်ပြုလုပ် သည့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် AMA ၏ ရလဒက်များကို ထုတ်ပြန်ကြေညာခဲ့ပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။