ARSA အဖွဲ့သည် လူသစ် စုဆောင်းရန် ကျေးရွာအုပ်စု ကော်မတီသို့ လွန်ခဲ့သော သီတင်းပတ် အတန်ကြာက ချဉ်းကပ်ခဲ့သည် ဟု ရွှေဇာ ကျေးရွာအုပ်စု ကက်ပကောင်း ကျေးရွာမှ ဆေးဝန်ထမ်း ဆာရက်အာမိန်က ပြောသည်။
“သူတို့က ညဘက်ကြီးမှာ ရောက်လာတာ။ အကြမ်းဖက် လှုပ်ရှားမှုကို ကျနော်တို့က လက်မခံဘူး။ သူတို့ဘက်က ချဉ်းကပ်တာကို ကျနော်တို့ရဲ့ ကော်မတီက ငြင်းဆန်ခဲ့တယ်” ဟု သူက ARSA ကို ရည်ညွှန်းပြီး ဧရာဝတီသို့ စက်တင်ဘာ ၆ ရက်နေ့တွင် ပြောသည်။ ထိုအဖွဲ့က ဩဂုတ်လ ၂၅ ရက်နေ့တွင် ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီး နောက်၎င်းတို့ကို အစိုးရက အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားသည်။
လူဦးရေ ၁၃၀၀၀ ရှိ ရွှေဇာ ကျေးရွာအုပ်စုမှ ရွာသားအများစုမှာ မွတ်စလင်များ ဖြစ်သော်လည်း ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်များလည်း ထိုနေရာတွင် နေထိုင်ကြသည်။ ထိုရွာမှ မွတ်စလင်များက ARSA ၏ ဖိအားပေးမှုကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည် ဟု ဧရာဝတီသို့ ပြောခဲ့ခြင်း ဖြစ်သည်။
ထိုမှစ၍ တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး မွတ်စလင် ၁၄၆၀၀၀ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည်ဟု ကုလသမဂ္ဂက ခန့်မှန်းပြီး အစိုးရကလည်း ဗုဒ္ဓဘာသာနှင့်ဟိန္ဒူ ၂၇၀၀၀ နေရပ်စွန့်ခွာ ခဲ့ရသည် ဟု ကြေညာသည်။
“ကျေးဇူးပြုပြီး ရွာကို ဒုက္ခလာ မပေးပါနဲ့။ ဒီလိုလုပ်ရင် အားလုံး ဒုက္ခရောက်ကုန်မယ်။ ပြန်ကြပါလို့ ကျနော်တို့က ပြောလိုက်တယ်” ဟု ဆာရက်အာမိန်က ထိုစဉ်က အစည်းအဝေးအကြောင်း ပြန်ပြောသည်။ “ကျနော်တို့က ဒီမှာ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ နေကြပေမယ့် ပြဿနာ မရှိဘူး။ ဒီလိုပဲ ဆက်နေချင်ကြတာ” ဟုလည်း ဆိုသည်။
ရွှေဇာမှ အခြားရွာသားတဦးဖြစ်သူ မာမတ်ဂျိုလီကလည်း ARSA ကို ရွာက ငြင်းဆန်ခဲ့ပုံကို ထပ်မံ အတည်ပြု ပြောကြားသည်။ “ကျနော်တို့က သူတို့ကို လက်မခံဘူး။ အကြမ်းဖက်မှုကို ကျနော်တို့ အားမပေးဘူး။ ကျနော် ဒါကို ပြောချင်တယ်” ဟု သူက ပြောသည်။
ARSA ကို ဆန့်ကျင်ပြောကြားခြင်းမှာ အန္တရာယ်များကြောင်း နှင့် ၎င်းတို့ အတွက် အသက် အန္တရာယ် ရှိကြောင်း ဆာရက်အာမိန်က ပြောသည်။
အစိုးရ၏ မှတ်တမ်းများအရ ရဲစခန်းများကို ပထမအကြိမ် တိုက်ခိုက်သည့် ၂၀၁၆ အောက်တိုဘာမှ ယခုနှစ် ဩဂုတ်လလယ် အထိ မွတ်စလင် ၆၃ ဦးကို စစ်သွေးကြွများက သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ရသည်။
နေရပ်စွန့်ခွာရခြင်းနှင့် အကူအညီ မလုံလောက်ခြင်း
ဩဂုတ်လ ၂၅ ရက်နေ့ နံနက်မှ စတင်ပြီး အစိုးရက ARSA ကို ပြင်းထန်သော စစ်ဆင်ရေးဖြင့် တုံ့ပြန်မှုကြောင့် ရပ်ရွာ အများအပြား နေရပ်စွန့်ခွာ ရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပဋိပက္ခ ပြင်းထန်နေပြီး နေရပ် စွန့်ခွာရသူများနှင့် ရွာများတွင် ပိတ်မိနေသူများသည် လူသားချင်း စာနာမှု အကူအညီ လိုအပ်နေသည်။
ကုန်သွယ်ရေးဖြင့် တခါက စည်ကားနေသော နယ်စပ်မြို့ မောင်တောသည် ဗုဒ္ဓဟူးနေ့က ဧရာဝတီသတင်းဌာန သတင်းထောက်များ ရောက်ရှိသော အခါ တိတ်ဆိတ်နေသည်။ ဖွင့်ထားသောဆိုင် မရှိသလောက် ဖြစ်နေပြီး အိမ်များကိုလည်း သော့ခတ်ထားပုံ ရသည်။ ထိုဒေသတွင် ညမထွက်ရ အမိန့် ထုတ်ထားပြီး လွန်ခဲ့သော သီတင်းပတ်က ပြည်နယ်မြို့တော် စစ်တွေသို့ ထွက်ပြေးသော အုပ်ချုပ်ရေး ဝန်ထမ်းများ ပြန်လည် ရောက်ရှိလာကြပြီး ဖြစ်သည်။
ရွှေဇာ ကျေးရွာအုပ်စုတွင် ဩဂုတ်လ ၂၆ ရက်နေ့နံနက်က ဈေးတခုတွင် ဟိန္ဒူ နှင့်မွတ်စလင်အချို့ ပဋိပက္ခဖြစ်ပွားပြီး ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်များ ထွက်ပြေးသွားကြသည် ဟု ဆိုသည်။ ထိုဖြစ်ရပ်မှ လွဲပြီး ရွှေဇာသည် ပတ်ဝန်းကျင်ဒေသများနှင့် မတူ အကြမ်းဖက်မှု ကင်းနေသည်။ ပတ်ဝန်းကျင်ဒေသများတွင်မူ နေအိမ်များ မီးရှို့ခြင်းနှင့် အုပ်စုလိုက် ထွက်ပြေးခြင်းတို့ ဖြစ်ပေါ်နေသည်။
အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ၏ ဗုဒ္ဓဟူးနေ့က နောက်ဆုံးထုတ်ပြန်ချက် အရ ရွာပေါင်း ၆၀ မှ အိမ်ခြေ ၆၈၄၅ လုံး မီးရှို့ခံရသည် ဟု သိရသည်။ နေအိမ်မျာကို ARSA က မီးရှို့သည်ဟု အစိုးရက ပြောပြီး စစ်သွေးကြွများကမူ မီးရှို့သူများ သည် လုံခြုံရေးတပ်များနှင့် အခွင့်ကောင်းယူ လုယက်လိုသူများ ဖြစ်သည် ဟု ဆိုသည်။
ယမန်နေ့က မောင်တောမြို့အနီး ဂေါ်ဒူသာရ ကျေးရွာတွင် နေအိမ်များ မီးလောင်နေသည် ကို ဧရာဝတီ သတင်းထောက်များ မြင်တွေ့ခဲ့သောကြောင့် ယခုသတင်း ဖော်ပြချိန်တွင် မီးရှို့ခံ အိမ်ခြေ အရေအတွက် ပိုမိုမြင့်မား နေဖွယ် ရှိသည်။ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ နေထိုင်ရာ ကြိမ်ချောင်း ကျေးရွာတွင်လည်း ဗုဒ္ဓနေ့ညက အိမ်အချို့ မီးရှို့ခံရသည် ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
ဈေးများ ပိတ်ထားသောကြောင့် ရွာတွင်စားစရာ မရှိတော့ဟု ရွှေဇာ ကျေးရွာအုပ်စုမှ ကလေး ၄ ယောက်မိခင် မွတ်စလင် အမျိးသမီး မူနီးက ဧရာဝတီသို့ ပြောသည်။
“ရွာမှာပဲ နေပြီး စိတ်မပူဖို့ ရဲတွေက ကျမတို့ကို ပြောထားတယ်” ဟု သူမက ပြောသည်။
သူ၏ ခင်ပွန်းမှာ မလေးရှားတွင် သွားရောက် လုပ်ကိုင်ပြီး ဈေးများ၊ ဆိုင်များ၊ ပုဂ္ဂလိကဘဏ်များ ပိတ်ထားသောကြောင့် ခင်ပွန်းသည်က ငွေလှမ်းမပို့နိုင် ဖြစ်သေည် ဟုလည်း မူနီးက ဆိုသည်။
“ဘာပြောရမလဲ ဆိုတာတောင် မသိတော့ဘူး။ ကျမတို့ ငိုကြတယ်။ ဘာမှ မစဉ်းစားတတ်တော့ဘူး။ မောင်တောတို့၊ တခြား ရွာတွေကိုလည်း သွားလို့ မရတော့ဘူး။ အစိုးရဆီကရော အင်ဂျီအိုတွေဆီကပါ ဘာအကူအညီမှ ရောက်မလာဘူး” ဟုလည်း သူက ပြောသည်။
ရွာသားများမှာလည်း ရွာတွင် ပိတ်မိနေသောကြောင့် ငါးဖမ်းခြင်း၊ ကုန်သွယ်ခြင်း မလုပ်နိုင်တော့ကြောင်း ထို့ကြောင့် စားစရာ လိုနေကြောင်း ဆာရက်အာမိန်က ပြောသည်။
သို့သော် အစိုးရက အကူအညီ လိုသူများကို ပေးနေသည် ဟု ဆိုသည်။
ပြည်နယ်နှင့် ပြည်မမှ လူမှုအခြေပြု အဖွဲ့များကလည်း အချို့သော နေရပ်စွန့်ခွာရသူများကို အကူအညီ ပေးနေသော်လည်း အများအပြား အတွက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိဘဲ အထူးသဖြင့် လူဦးရေများသော ယာယီစခန်းများတွင် အခက်အခဲ ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ အခြားဒေသများ ကဲ့သို့ပင် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ရသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်နေသည်။ အိမ်သို့ အမြန် ပြန်လိုသော်လည်း လုံခြုံရေး အာမခံချက်ရှိမှ ဖြစ်မည်ဟု မောင်တောရှိ ကယ်ဆယ်ရေးစခန်း ၈ ခု အနက်တခုမှ ဟိန္ဒူတဦးက ပြောသည်။
သို့သော် ထိုဒေသသည် ပဋိပက္ခဒေသ သို့မဟုတ် စစ်ဆင်ရေး နယ်မြေ ဖြစ်နေသည် ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ငြိမ်းငြိမ်း၏ Muslims ‘Refuse to Accept’ ARSA ကို ဘာသာပြန်သည်။)