သတင်း

တရုတ်သံရုံး ယာယီရုံးခွဲ နေပြည်တော်တွင် ပထမဆုံးဖွင့်လှစ်

Want create site? Find Free WordPress Themes and plugins.

ပထမဆုံး ပြည်ပအခြေစိုက် သံရုံးအဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီရုံးခွဲ ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ဖွင့်လှစ်လိုက်ပြီး နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးမှ မဟာ ဗျူဟာမြောက် ဆက်ဆံရေးသို့ အကူးအပြောင်းကို ပြသခြင်း ဖြစ်ကြောင်း နှစ်ဖက် သံတမန်ခေါင်းဆောင်များက ပြောသည်။

“တရုတ်သံရုံးဟာ နေပြည်တော်မှာ ယာယီရုံးခွဲ ဖွင့်လှစ်ရန် ပထမဆုံး အဆိုပြုတဲ့ မြန်မာနိုင်ငံ အခြေစိုက် သံတမန် အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါဟာ တရုတ်ဘက်က တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် များစွာ အလေးထားခြင်းကို အပြည့်အဝ ပေါ်လွင်နေပါတယ်”ဟု တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အခမ်းအနား ဖွင့်ပွဲတွင် ပြောကြားသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အဓိက လမ်းမကြီးတခုဖြစ်သည့် ပျဉ်းမနား တောင်ညိုလမ်းပေါ်ရှိ Grand ACE VILLA တွင် ကျင်းပသည့် တရုတ်သံရုံး ယာယီရုံးခွဲ ဖွင့်လှစ်ခြင်း အခမ်းအနားကို မြန်မာ အစိုးရဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ တက်ရောက်ကြသည်။

တရုတ်-မြန်မာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ နှစ်နိုင်ငံ ရင်းနှီးစွာဖြင့် One Belt and Road အတူတကွ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာ ကဏ္ဍ အသီးသီးတွင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြင့်၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို မြင့်တင်ရန်၊ နှစ်နိုင်ငံကြား ပြည်သူများ ဆက်ဆံရေးကို မြင့်တင်ရန် မျှော်လင့်ကြောင်း တရုတ်သံအမတ်ကြီးက ပြောသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ယာယီ ဆက်သွယ်ရေး ရုံးခွဲ ဖွင့်လှစ်သည့် အခမ်းအနားသည် နေပြည်တော်၏ သမိုင်းနှင့် တရုတ်-မြန်မာသမိုင်းတွင် မှတ်ကျောက် တင်ရမယ့်နေ့ ဖြစ်ကြောင်း၊ ဒီမိုကရေစီ အစိုးရ စတင် တက်လာပြီးနောက် ပထမဆုံး လာရောက် လည်ပတ်သူမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖြစ်ကြောင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်က ပြောသည်။

“တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့မှုများအတွက်လည်း ကျေးဇူး တင်ပါတယ်။ ဆက်လက်ပြီးတော့လည်း နီးကပ်စွာ ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အပြု သဘောဆောင် ကူညီပေးနေမှုများကိုလည်း အသိအမှတ်ပြုပါတယ်”ဟု ဦးကျော်တင်က ပြောသည်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် မကြာမီက မြင့်တင်ခဲ့ကြောင်း၊ အုပ်ချုပ်ရေး မြို့တော်အဖြစ် နေပြည်တော်သို့ ပြောင်းရွေ့လာပြီး ၁၂ နှစ်အကြာတွင် ပြည်ပသံရုံးအဖြစ် ပထမဆုံး တရားဝင် ဖွင့်လှစ်နိုင်ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပြည်သူအချင်းချင်း ဆက်ဆံရေး ပိုကောင်းလာရန် ကြိုးစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန မှ သိရသည်။

ဦးကျော်တင်က “နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြင့်ဖို့ ပြည်သူတွေ အချင်းချင်း ဆက်ဆံရေး ကောင်းဖို့လည်း လိုပါတယ်။ One Belt and Road မှာလည်း မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်နေပြီး ဒီစီမံကိန်းကြောင့် နှစ်ဖက်ပြည်သူများ အကျိုးရှိစေဖို့ မျှော်လင့်နေပါတယ်”ဟု ပြောသည်။

နေပြည်တော်တွင် သံရုံးတည်ဆောက်မည်ဟု ကတိကဝတ်ပြုသည့် မည်သည့်နိုင်ငံကိုမဆို ယာယီသံရုံး ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် အမေရိကန် ပြည်ထောင်စုကိုလည်း သံရုံး ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ တရုတ် ယာယီသံရုံးစတင် ဖွင့်လှစ်ခွင့်ပြုထားသည့် ၃ နှစ်ကာလအတွင်းမှာ နေပြည်တော် သံတမန်ဇုန်တွင် မြေငှားရမ်းရေး၊ အဆောက်အအုံ ဆောက်လုပ်ရေး ကိစ္စများ ဆောင်ရွက်၍ သံရုံးဖွင့်လှစ်နိုင်ရေး အကောင်အထည် ဖော်လိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာဘက်က ဆိုသည်။

“ဒီမှာ အဆင့်တော့ သတ်မှတ်မထားပါဘူး။ သံအမတ်ကြီးလာမယ် ဆိုရင်လည်း မကန့်သတ်ထားပါဘူး။ ဒီမှာကတော့ သက်ဆိုင်ရာ သံရုံးက အဆင်ပြေမယ့် အနေအထားနဲ့ တာဝန်ပေးထားဖို့ ရှိပါတယ်။ ကျနော်တို့ ကန့်သတ်ဖို့ မရှိပါဘူး။ အမေရိကန်သံရုံးကိုလည်း ကျနော်တို့အနေနဲ့ ဖွင့်လှစ်ခွင့် ခွင့်ပြုထားပြီးပါပြီ”ဟု ပွဲအပြီးတွင် ဦးကျော်တင်က သတင်းထောက်များကို ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading