ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်သော ၇၈ ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ယခုနှစ်တွင် အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ရန်ကုန်မြို့ ဦးဥတ္တမ အခမ်းအနား ကျင်းပရေး ကော်မတီ၏ လူမှုဆက်သွယ်ရေး ကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ပြောကြားလိုက်သည်။
ဆရာတော် ဦးဥတ္တမ နေ့ကို ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဌာနက ဦးဆောင်၍ ယခင်နှစ်များက စည်ကားစွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြောင်း အမျိုးမျိုး ကြောင့် အကျဉ်းချုံးကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ဝန်ကြီး ဦးဇော်အေးမောင် က “အရင့်အရင် နှစ်များကတော့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာနက ကြီးမှူးပြီးတော့ ရခိုင်တိုင်းရင်းသားများ ဦးဆောင်ပြီးတော့ စည်ကားစွာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုများနဲ့ အကြောင်း အမျိုးမျိုးများကြောင့် ဒီနှစ် ဆရာတော် ဦးဥတ္တမနေ့ကို အကျဉ်းချုံးနည်းနဲ့ပဲ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်” ဟု ရှင်းပြထားသည်။
၇၈ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ် အနီးရှိ ဆရာတော် ဦးဥတ္တမ ပန်းခြံတွင် ကျင်းပမည်ဖြစ်ပြီး ပန်းခြံမုဒ်ဦး ဆိုင်းဘုတ်ဖွင့်ပွဲ့နှင့် ဆရာတော် ဦးဥတ္တမ ရုပ်ထုဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
“ဟိုးခေတ်၊ ဟိုးအခါကတည်းက ဆရာတော် ဦးဥတ္တမ ရုပ်ထုကို ဒီပန်းခြံမှာ ထားမယ်ဆိုပြီးတော့ ပန်ချီ ဦးဟန်တင်က ရုပ်ထုကြီး တခု သွန်းလုပ်ခဲ့ပါတယ်။ အဲဒီရုပ်ထုကတော့ ဒီကနေ့အထိ ပန်းချီဆရာ ဦးဟန်တင်ရဲ့ခြံထဲမှာ ရှိနေခဲ့ပါတယ်။ အဲဒီရုပ်ထုကြီးကို မနက်ဖြန် ဆရာတော် ဦးဥတ္တမ ပန်းခြံကို ရွှေ့ပြီးတော့ ထားမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးဇော်အေးမောင် က ပြောသည်။
ထို့အတူ ယင်းအခမ်းအနားတွင် ဆရာတော် ဦးဥတ္တမ ကို အောက်မေ့ သတိရခြင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ ရခိုင်လူမှုရေး အသင်းများက ပန်းခြင်းများ ချ၍ ပူဇော်ခြင်း၊ ဆရာတော် ဦးဥတ္တမ အကြောင်းကို ပညာရှင် ၃ ဦးတို့မှ ဟောပြောကြမည်ဟုလည်း သိရသည်။
ဆရာတော် ဦးဥတ္တမ သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု၌ ဦးဆောင် ပါဝင်ခဲ့သော အထင်ကရ ဆရာတော် တပါးဖြစ်ပြီး ၎င်းပျံလွန်တော်မူသည့်နေ့ကို ဆရာတော် ဦးဥတ္တမ နေ့ဟု သတ်မှတ်ခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့ ရောက်တိုင်း ထိုအထိမ်းအမှတ်နေ့ကို ကျင်းပလေ့ရှိသည်။
အဆိုပါ အထိမ်းအမှတ်နေ့ကို ရန်ကုန်မြို့ အပါအဝင် ရခိုင်ပြည်နယ်နှင့် နိုင်ငံအဝန်းရှိ မြို့နယ်အချို့တွင် ကျင်းပခဲ့သလို ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင်ရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသားများနှင့် ရဟန်းသံဃာများကလည်း နှစ်စဉ် ကျင်းပ ပြုလုပ်လေ့ရှိသည်။
ဆရာတော် ဦးဥတ္တမသည် ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်တွင် မွေးဖွားခဲ့သော ရခိုင်တိုင်းရင်းသား တဦးဖြစ်သလို ငယ်စဉ်ကတည်းက ပညာထူးချွန်ပြီး ငယ်ဖြူရဟန်းဘဝနှင့် နိုင်ငံပေါင်းတော်တော်များများကို ရောက်ရှိခဲ့ကာ ဘာသာ ၉ မျိုးကို သင်ကြားတတ်ကျွမ်း၍ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတို့တွင်လည်း ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုသည့် အနေဖြင့် ရွှေတိဂုံဘုရား တောင်ဘက်မုဒ်အနီးရှိ ကန်တော်မင် ပန်းခြံကို ဆရာတော် ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ၁၉၆၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုအစိုးရ (ပထစ) အစိုးရလက်ထက် ဝန်ကြီး ဦးဘမြိုင်နှင့် ဝန်ကြီး ဦးဘစောတို့က ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
သို့သော်လည်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် ထိုပန်းခြံကို ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် အသိအမှတ်မပြုဘဲ ကန်တော်မင် ပန်းခြံဟု ပြန်၍ ပြောင်းလဲခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် အချို့၏ တောင်းဆိုမှုဖြင့် ကန်တော်မင် ပန်းခြံကို ဆရာတော် ဦးဥတ္တမ ပန်းခြံဟု ပြန်ပြောင်း သတ်မှတ်ခဲ့သည်။