လှိုင်သာယာမြို့နယ်ရှိ DJY ခြေအိတ်စက်ရုံတွင် အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမားအချို့သည် ပြီးခဲ့သည့် သြဂုတ်လ ၇ရက်နေ့ ကတည်းကပင် ညှိနှိုင်း တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း စက်တင်ဘာ ၈ ရက်နေ့အထိ ပြေလည်မှု မရရှိ သေးကြောင်း အလုပ်ထုတ်ခံရသည့် အလုပ်သမား သမဂ္ဂ ခေါင်းဆောင် ကိုစိုးသူရကိုက ဧရာဝတီကို ပြောသည်။
ကိုစိုးသူရကိုက “ကျနော်တို့က အဖြေတခုကို လိုချင်လို့ပေါ့။ ခန့်ရင်လည်း ခန့်မယ်၊ မခန့်ရင်လည်း မခန့်ဘူး။ ဘာလို့ဆို ကျနော်တို့က လက်ရှိမှာ တောင်းဆိုနေတဲ့ အလုပ်သမားအများစုက တလကျော် အချိန်ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေး ရှိသေးတယ်။ ဒီအလုပ်မရဘူးဆိုရင် နောက်တလုပ်ကို ထပ်ပြီးတော့ ကူးမယ်” ဟု ဆိုသည်။
အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမား ၂ ရာကျော်နှင့် ပတ်သက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားများကို ညှိနှိုင်းပေးရန် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး တိုင်းဦးစီးမှူးများက လှိုင်သာယာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံညှိနှိုင်းခဲ့ရာတွင် အလုပ်သမားများ တောင်းဆိုသည့် အချက် ၂ ချက်ကို အလုပ်ရှင်ဘက်က သဘောမတူညီခဲ့ကြောင်း သိရသည်။
ယင်းတောင်းဆိုချက် ၂ ချက်မှာ အခြေခံ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကို အကြောင်းပြချက်မဲ့ အလုပ်ထုတ်လိုက်ပြီး နောက် စက်ရုံအလုပ်သမားရာချီကို အလုပ်မှ ထုတ်ပယ်ခဲ့သည့်အပေါ် ပြန်လည်ခန့်အပ်ရန်နှင့် အလုပ်မှ ထုတ်ပယ်မည် ဆို ပါက ကြားကာလ နစ်နာကြေးများနှင့် ဥပဒေပါ လျော်ကြေးများကို ပေးဆောင်ရန် အလုပ်သမားများဘက်က တောင်းဆိုခဲ့ ကြခြင်း ဖြစ်သည်။
လုပ်ငန်းရှင်ဘက်မှ ယင်းတောင်းဆိုချက်ကို မပေးနိုင်ဆိုသည့် ငြင်းဆန်မှုအဖြေကို ရရှိခဲ့သဖြင့် စက်တင်ဘာ ၄ ရက်နေ့က စတင်ပြုလုပ်ခဲ့သည့် ထိုင်သပိတ်ကို စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် ဖျက်သိမ်းလိုက်ကြောင်း ၊ ထိုင်သပိတ် ရုပ် သိမ်းလိုက်သော်လည်း ယခင် တောင်းဆိုချက်များကိုပင် ထပ်မံတောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုနေသည့် ကာလအတွင်း နှစ်ဖက်စလုံးက ဥပဒေအတိုင်း ခုံသမာဓိအဖွဲ့သို့ တက်မည်ဖြစ်ကြောင်း ကိုစိုးသူရကိုက ပြောသည်။
အလုပ်သမား အရေးများကို လိုက်လံ ဆောင်ရွက်ပေးနေသည့် ကိုအောင်စိုးမင်းက “အခု လက်ရှိကတော့ စက်ရုံ အပြင်မှာ ငြိမ်းချမ်းစွာ စုပေါင်း တောင်းဆိုနေကြပါတယ်။ တိုင်းက လာရောက်ညှိနှိုင်းပေမယ့် ရလဒ်ကတော့ မကောင်းသေးဘူးပေါ့။ အလုပ်သမားတွေ တောင်းဆိုတဲ့ ၂ခုထဲက တခုခုကို ယတိပြတ် ဆုံးဖြတ်ချက် ချပေးနိုင်ရင် ဒီကိစ္စက အဆင်ပြေ ချောမွေ့ သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်- မြန်မာဖက်စပ် လုပ်ကိုင်နေသည့် DIY စက်ရုံမှ အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်ကို အကြောင်း ပြချက် မရှိဘဲ သြဂုတ် ၇ ရက်နေ့က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြ တောင်းဆိုသည့် အလုပ်သမား ၂၂၈ဦးကိုလည်း ခွင့်မဲ့ ပျက်ကွက်သည်ဟုဆိုကာ သြဂုတ် ၂၂ရက်နေ့တွင် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းတို့ ကြောင့် အလုပ်သမားများက သြဂုတ် ၇ရက်နေ့ကတည်းကပင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁ရက်နေ့တွင် တရားဝင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။