ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ ဦးရွှေမောင်(ခ)အဒူရော်ဇက်အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ဖြင့် ဘူးသီးတောင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးသောင်းလွင်ကပြောသည်။
ဦးရွှေမောင်အနေဖြင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုအပေါ် ၎င်း၏လူမှုကွန်ရက် စာမျက်နှာ မှတဆင့် လှုံ့ဆော်မှုများပြုလုပ်ခဲ့သည်ဟုဆိုကာ ဘူးသီးတောင်ရဲစခန်းမှူး ဒုရဲမှူး ဦးသောင်းကြွယ်က တရားလိုပြုလုပ်ကာ (ပ) ၄၉/၂၀၁၇ ဖြင့် စက်တင်ဘာ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တရားလို ဒုရဲမှူးဦးသောင်းကြွယ်က “နိုင်ငံတော်အစိုးရကလည်း အကြမ်းဖက်မှု အားပေးသူတွေကို အရေး ယူဖို့ထုတ်ပြန်ထားပြီး၊ သူ့ရဲ့ပြောဆိုမှုတွေမှာ အားပေးလှုံ့ဆော်တဲ့ သဘောတွေပါနေလို့ အမှုဖွင့်ခဲ့တာပါ”ဟု ဧရာဝတီသို့ပြောသည်။
၎င်းအခြေအနေနှင့်ပတ်သက်၍ အမှုအား ဆက်လက်ကိုင်တွယ်စစ်ဆေးရန် ဘူးသီးတောင်ရဲစခန်းမှ စစ်တွေ အခြေစိုက် မှုခင်းတပ်ဖွဲ့သို့ လွဲပြောင်းပေးထားပြီး အမှုကိုဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားကဒ်ကိုင်ဆောင်ထားသူ ဦးရွှေမောင်သည် လတ်တလောတွင် အမေရိကန်နိုင်ငံ၊ တက္ကဆက် (Texas) ပြည်နယ်တွင် ခေတ္တနေထိုင်လျှက်ရှိသည်။
ဦးရွှေမောင်သည် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြုကာ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ သူဖြစ်သည်။
၎င်းသည် ယခင်က ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တဦးဖြစ်သော်လည်း ၂၀၁၅ ခုနှစ်ကတည်းက ပါတီဝင်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်ရာ သက်ဆိုင်မှု မရှိတော့ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ဒေါက်တာနန္ဒာလှမြင့်က “နိုင်ငံသားတွေက နိုင်ငံရဲ့တည်ဆဲဥပဒေကို လေးစားလိုက်နာရမှာပဲ၊ ဒါကိုချိုး ဖောက်ရင်တော့ ဘယ်နိုင်ငံသားမဆို အရေးယူခံရမှာပဲ၊ သူ့ကိုအမှုဖွင့်တဲ့အပေါ် ဘာမှပြောစရာတော့ မရှိ ပါဘူး”ဟု ဧရာဝတီသို့ပြောသည်။
မောင်တောဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဦးရွှေမောင်အနေဖြင့် ၎င်း၏ MP Ro Shwe Maung အကောင့်မှ သြဂုတ် ၂၈ ရက်နေ့တွင် ဗီဒီယိုဖိုင်တခုလွှင့်တင်ခဲ့ပြီး ၎င်းမှ အပြစ်မဲ့ ဘင်္ဂါလီ (၎င်းအခေါ် ရိုဟင်ဂျာ)များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရန်နှင့် မရပ်တန့်ပါက နိုင်ငံတကာမိသားစုများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် မောင်တောဒေသတွင်း အကြမ်းဖက်မှုပြုလုပ်ခဲ့သည့် ARSA အဖွဲ့အား သြဂုတ် ၂၅ ရက် နေ့တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီး ၎င်းအဖွဲ့တွင် ပါဝင်သူများ၊ ငွေကြေးထောက်ပံ့သူများ၊ ပူးပေါင်းကြံစည်သူများ၊ အားပေးထောက်ခံသူများကိုပါ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ကြေညာထားသည်။
ဘူးသီးတောင်မြို့နယ်၊ ပြည်နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ရခိုင်မှာဖြစ်နေတဲ့ အကြမ်းဖက်ပြဿနာတွေရဲ့ နောက်ကွယ်မှာ လှုံ့ဆော်နေတာ သူတယောက်တည်းမဟုတ်ပါဘူး၊ အများ ကြီးရှိနေသေးတယ်၊ ဖော်ထုတ်ဖို့လိုသေးတယ်”ဟု ဧရာဝတီသို့ပြောသည်။
အမှုအားဆက်လက်ကိုင်တွယ်စစ်ဆေးရန် ဘူးသီးတောင်ရဲစခန်းမှ စစ်တွေ အခြေစိုက် မူးခင်တပ်ဖွဲ့သို့ လွဲပြောင်းပေးထားပြီး အမှုကိုဆက်လက်စစ်ဆေးလျှက်ရှိကြောင်း ဒုရဲမှူး ဦးသောင်းကြွယ်က ပြောသည်။
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့အတွင်း သြဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်း ကစတင်ကာ အကြမ်းဖက် ARSA အဖွဲ့ဝင်များမှ လုံခြုံရေးရဲကင်းစခန်း ၃၀ ခန့်အား တပြိုင်နက် ဝင်ရောက် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင် ၁၃ ဦး၊ နိုင်ငံဝန်ထမ်း ၂ ဦးကျဆုံးခဲ့ပြီး ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဒေသခံဟိန္ဒူဘာသာဝင် ၇ ဦးနှင့် ဘင်္ဂါလီ ၇ ဦးသေဆုံးခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း အကြမ်းသမား ၃၈၇ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၃၈ ဦးကို အရှင်ဖမ်း ဆီးနိုင်ခဲ့ကာ ကျေးရွာပေါင်း ၆၀ မှ အိမ်ခြေ ၆၈၄၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း စက်တင်ဘာ ၆ ရက်တွင် အစိုးရကထုတ်ပြန်ထားသည်။