ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်လေဆိပ်တွင် လေ့ကျင့်ပျံသန်းရင်း ပျောက်ဆုံးလျက်ရှိသည့် G-4 ဂျက်လေယာဉ်အား ပုသိမ် လေတပ်စခန်း ဌာနချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ခြေလျင်တပ်ဖွဲ့များဖြင့် ရှာဖွေလျှက်ရှိသော်လည်း ၄ ရက်ကြာသည် ရှာမတွေ့သေးကြောင်း သတင်းရရှိသည်။
ပုသိမ်လေဆိပ်မှ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတွင် လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် ၃ စီး စတင်ပျံ သန်းခဲ့ပြီး အဆိုပါ လေယာဉ် ၃ စီးအနက် ဗိုလ်မှူး ကောင်းထိုက်နှင့် ဗိုလ်ကြီး သော်ဇင်စိုးတို့ စီးနင်း လိုက်ပါသွားသော လေယာဉ်မှာ ပုသိမ်လေတပ်နှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ရာ ယနေ့ အထိ နေ့စဉ် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ဗိုလ်မှူးကောင်းထိုက်တို့ မောင်းသွားတဲ့လေယာဉ်ကို မြေပြင်တပ်ဖွဲ့တွေရော ရဟတ်ယာဉ်တွေနဲ့ပါ နေ့တိုင်း ရှာဖွေနေတယ်။ အခုချိန်အထိ လေယာဉ်အစအနကို ရှာမတွေ့သေးဘူး။ ရှာဖွေရေးလုပ်ငန်းတွေတော့ ဆက်လုပ်နေပါတယ်”ဟု ပုသိမ်လေတပ်စခန်းဌာနချုပ်မှ အဆင့်မြင့်အရာရှိတဦးက ဧရာဝတီကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ပျောက်ဆုံးဂျက်လေယာဉ်မှာ ပုသိမ် – ဟင်္သာတ – ဂွ – ပုသိမ်လမ်းကြောင်း အတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေး ၃၆ မိုင်ခန့်တွင် ပုသိမ်လေဆိပ်နှင့် နောက်ဆုံးအဆက်အသွယ်ရရှိခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
လေယာဉ်နှင့် အတူ ပျောက်ဆုံးလျက်ရှိသော ဗိုလ်မှူး ကောင်းထိုက်မှာ နမ့်စန်လေယာဉ်မောင်းသင်တန်းကျောင်း အမှတ်စဉ် ၆၄ လေယာဉ်မောင်းသင်တန်း တက်ရောက်အောင်မြင်ခဲ့သူဖြစ်ကြောင်း သိရသည်။