ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်နှင့် ပြည်လမ်း ပေါ်ရှိ Ocean ကုန်တိုက် အနီးတွင် သွားလာနေသည့် မသင်္ကာသူများကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှ ရခိုင်ပြည်နယ်ဘက်မှ တဆင့် ရန်ကုန်သို့ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်၍ ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံက သိရသည်။
ယနေ့ မနက် ၂ နာရီခွဲခန့်က ပြည်လမ်း Ocean ကုန်တိုက်အနီး လမ်းလျှောက်လာသည့် အမျိုးသား ၂ ဦးကို စစ်ဆေးရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာနှင့် ဝက်ခေါင်းကျေးရွာနေ အဒူရော်စောင်းနှင့် ဟော်မင် တို့ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့အပြင် ဘုရင့်နောင် နယ်မြေရဲတပ်ဖွဲ့ဝင်များ က နံနက် ၂ နာရီခွဲခန့်တွင် လှည့်ကင်းထွက်ရင်း မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ အောင်မင်္ဂလာ ၂ လမ်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ ဇော်ဇော်ရော်ဟိန်း ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ မနက် ၉ နာရီ ၂၀ မိနစ်တွင်လည်း သတင်းအရ အဆိုပါ ၃ ရပ်ကွက် အတွင်း ဝင်ရောက်ရှာဖွေရင်း ဗိုလ်ချုပ်လမ်းရှိ နေအိမ်ခြံစည်းရိုး တခုအတွင်း တိုးဝင်နေသည့် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာနေ ဟာဆောင်း ဆိုသူကို ထပ်မံ ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ဖမ်းဆီးရမိထားသည့် တရားမဝင် ဝင်ရောက်လာသူ ၄ ဦးကို စစ်ဆေးရာမှ လွန်ခဲ့သည့် တလ ခန့်က ကျောက်တော်မြို့နယ် မှ ရန်ကုန်မြို့နယ်သို့ အမျိုးသားတဦးမောင်းနှင်သော ယာဉ်ဖြင့် လိုက်ပါလာခြင်းဖြစ်ပြီး တဦးလျှင် ၁၅ သိန်းစီ ပို့ဆောင်ခ အဖြစ်ပေးရကြောင်း၊ နေရပ်လိပ်စာမသိ နေအိမ်တွင် တည်းခိုခဲ့ပြီးနောက် ရန်ကုန်တွင် ကျပန်းလုပ်ကိုင်ရန် ထွက်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၄ ဦး ကို ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူ ရန် ရဲတပ်ဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။