မောင်တောက ဂေါ်ဒူဇာရ ရွာ ဘယ်သူမီးရှို့လဲ
မြန်မာလုံခြုံရေးတပ်ဖွဲ့ စခန်းများကို အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၃ ပတ်အတွင်း ကျေးရွာ ၆၀ ကျော်မှ နေအိမ် ၂၆၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး ဖြစ်သည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA က နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများကို အချိန်ကိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ၏ တစိတ်တပိုင်း အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ များနှင့် ဒေသခံ ဗုဒ္ဓဘာသာ အစွန်းရောက်များက အဆိုပါပြစ်မှုများကို ကျူးလွန်ခြင်း ဖြစ်နိုင်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။ သို့သော်လည်း မွတ်ဆလင် စစ်သွေးကြွများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံရန် သူတို့၏ ရွာများမှ ထွက်ခွာမသွားမီ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်သမားများကြောင့် ရခိုင်နှင့် မြိုတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များ နှင့် ရခိုင်ပြည်နယ်မှ ဟိန္ဒူဘာသာဝင်များ သေဆုံး၊ ဒဏ်ရာရခဲ့သည့် ဓါတ်ပုံများနှင့် သတင်းများ ထွက်ပေါ်လာခြင်းက ဒေသခံတိုင်းရင်းသားများအကြား စိုးရိမ်ကြောက်လန့်မှု ဖြစ်စေသည်။ သာမန်မွတ်ဆလင်များကလည်း လုံခြုံရေးတပ်ဖွဲ့များ၊ စစ်သွေးကြွများ နှင့် ဗုဒ္ဓဘာသာအမျိုးသားရေး ဝါဒီများကို ကြောက်ရွံ့နေကြောင်း ပြောကြသည်။ ဒေသခံများမှာ ယခင်က နီးနီးနားနားနေထိုင်ခဲ့သည့် အသိုင်းအဝိုင်းတခုနှင့် တခုအကြား ဆက်လက်နေထိုင်ရန် သံသယစိတ်တို့ဖြင့် စိုးရိမ်ကြောက်လန့်နေကြသည်။
ထိုကဲ့သို့ တင်းမာမှုများကြားတွင် နေအိမ်မီးလောင်ခြင်းများက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် အစိုးရ၏ အစီအစဉ်ဖြင့် သွားရောက်သတင်းရယူခဲ့သော သတင်းသမားအဖွဲ့မှ ဧရာဝတီသတင်းဌာနသတင်းထောက်များနှင့် အခြားသော စာနယ်ဇင်းသမားများသည် မွတ်ဆလင် ရွာတခု ဖြစ်သည့် ဂေါ်ဒူဇာရ အပါအဝင် အနည်းဆုံး ရွာ၂ ရွာတွင် အိမ်များ မီးရှို့ခံရသည်ကို မြင်တွေ့ ခဲ့ရသည်။
ဓားရှည်များ နှင့် တုတ်များကိုင်ဆောင်ထားသည့် မွတ်ဆလင်မဟုတ်သော ဒေသခံများကို စက်တင်ဘာလ ၇ ရက်နေ့က မောင်တောမြို့နယ်အတွင်းမှ အဆိုပါ လူမရှိသော ရွာများမှ မီးလောင်ပြင် အနီးတွင် မြင်တွေ့ရခြင်းက ၎င်းတို့ မည်သည့် အတွက်ကြောင့် ထိုနေရာတွင် ရှိနေရသနည်း ဆိုသည့် သံသယများ ပေါ်ထွက်လာစေခဲ့သည်။
၎င်းတို့အား မေးကြည့်သည့်အခါ မီးလောင်သည်ကို မြင်ရသည့်အတွက် ထိုရွာတွင် မည်သို့ ဖြစ်သည်ကို လာကြည့်ခြင်း ဖြစ်ကြောင်း ဖြေကြားခဲ့သည်မှ အပ ဘာမျှထပ်မပြောခဲ့ပါ။
၎င်းတို့ထဲမှ လူတချို့က မီးလောင်နေသော ရွာမှ အိမ်သုံး ပစ္စည်းအချို့ သယ်ဆောင်နေသည်ကို စာနယ်ဇင်း သမားများ မြင်တွေ့ခဲ့ရသည်။ လူတချို့တွင် ဒါးများ လောက်လေးခွများ ကိုင်ထားသည် ကိုလည်း တွေ့ရသည်။
ဖျာချပ်၊ ရေပုံးများနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို တွန်းလှည်းတစီးဖြင့်တင်၍ ယူဆောင်သွားသော ကျေးရွာသားတဦးက စွန့်ပစ်သွားသော မွတ်ဆလင်အိမ်များမှ အဆိုပါပစ္စည်းများကို ၎င်းတို့ ယူခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီ သတင်းထောက်ကို ပြောသော်လည်း ၎င်းတို့က မီးစတင်ရှို့ခဲ့ခြင်း ဟုတ်မဟုတ် မည်သူကမ ျှ ဝန်ခံပြောကြားသည်ကို သတင်းထောက်များ မကြားခဲ့ရပါ။
ကျေးရွာလမ်း၏ အောက်ဘက်တွင် လောလာလတ်လတ် မီးစွဲနေသည့် အိမ်များကို စာနယ်ဇင်းသမားများ မြင်တွေ့ခဲ့သည်။ လမ်းပေါ်တွင် ဓာတ်ဆီထည့်ထားသော ပလပ်စတစ် ကရားတခု နှင့် မီးခြစ်များကို တွေ့ရသည်။ သို့သော်လည်း လမ်းပေါ်မှ ကြည့်လျှင် လူတယောက်ကိုမျှ မမြင်တွေ့ခဲ့ပါ။
စာနယ်ဇင်းသမားများနှင့် အတူလိုက်ပါလာသည့် ရဲအဖွဲ့က ထိုအခြေအနေနှင့် ပတ်သက်၍ အေးအေးဆေးဆေးပင် ရှိနေသည့် အသွင်ဖြစ်ပြီး ပစ္စည်းယူသူများကို စစ်ဆေးခြင်း ဖမ်းဆီးထိန်းသိမ်းခြင်း မပြုလုပ်ခဲ့ပါ။
ထိုဒေသခံများသည် အခြေအနေကို စူးစမ်းချင်စိတ်ဖြင့် လာကြည့်ကြသူများ ဖြစ်နိုင်ပါသည်။ အကြမ်းဖက်မှုကြောင့် ကသောင်းကနင်း ဖြစ်နေသည့် အချိန်တွင် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် ဓားရှည်များ ယူလာခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ရဲတပ်ဖွဲ့များ အနေဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ၎င်းတို့ ရှိနေခြင်း နှင့် အိမ်များ မီးလောင်ခြင်း အကြောင်းကို စစ်ဆေးမေးမြန်းသင့်ပါသည်။ အကယ်၍ ၎င်းတို့အား သံသယရှိလျှင် ရဲတပ်ဖွဲ့ အနေဖြင့် လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက်သင့်ပါသည်။ သို့သော်လည်း ထိုသို့ ပြုလုပ်ခဲ့ခြင်း မရှိပါ။
အဆိုပါ အပြုအမူများက ရခိုင်ပြည်နယ်မှ အခြေအနေများ နှင့် ပတ်သက်၍ အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်များ အပေါ် သံသယများ မြင့်တက်စေခဲ့သည်။ ဂေါ်ဒူဇာရ ကျေးရွာမီးလောင်မှု တိုက်ရိုက် ထုတ်လွှင့်မှုများ နှင့် ဓာတ်ပုံများ ပြန့်နှံသွားပြီး နာရီ အနည်းငယ်ကြာသည့် အချိန်တွင် အစိုးရက အဆိုပါ အဖြစ်အပျက်ကို ဒေသဆိုင်ရာ တာဝန်ရှိသူများက စုံစမ်း စစ်ဆေးနေကြောင်း ပြောဆိုခဲ့သည်။
အကယ်၍ အစိုးရက စွန့်ပစ်အိမ်များမှ ပစ္စည်းများ ယူခဲ့သူများ သို့မဟုတ် မီးရှို့မှုများ နှင့် ပတ်သက်၍ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မှုများ မပြုလုပ်ခဲ့လျှင် အကြမ်းဖက်သမားများ ရန်မှ အရပ်သားများကို အကာအကွယ်ပေးနေပါသည်ဟူသော ဇာတ်ကြောင်းတခုလုံးက ပြောင်းလဲသွားနိုင်ပြီး မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေမည် ဖြစ်သည်။
ARSA က ရဲတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေလုံခြုံရေးအဖြစ် ရှင်းလင်းရေး စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး ၂ ပတ်ကျော် ကြာမြင်ခဲ့သည့် အချိန်တွင် နယ်စပ်ဖြတ်ကျော်ထွက်ပြေးသည့် မွတ်ဆလင် ၂၇၀၀၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပြီး၊ ပြည်တွင်းတွင် စွန့်ခွာရှောင်တိမ်းနေသည့် ရခိုင်ဗုဒ္ဓဘာသာဝင် နှင့် ဟိန္ဒူဘာသာဝင် ၃၀၀၀၀ ခန့်ရှိပြီ ဖြစ်သည်။ မောင်တောမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲ ဖြစ်ပြီး ဈေးဆိုင် အများအပြား ပိတ်ထားကြသည်။
ပြီးခဲ့သည့် အပတ်အထိ အစိုးရဝန်ထမ်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ရပြီး၊ အကြမ်းဖက်စစ်သွေးကြွဟု သံသယရှိသူ ၃၇၀ ခန့်လည်း သေဆုံးခဲ့သည်။ ARSA အဖွဲ့ဝင်များဟု ယူဆရသူ ၅၀ ကျော်ကို ဖမ်းဆီးထိမ်းသိမ်းထားကြောင်း အစိုးရက စက်တင်ဘာ လ ၈ ရက်နေ့တွင် ကျေညာခဲ့သည်။ သေဆုံးသည့် အရပ်သား စုစုပေါင်းမည်မျှရှိသည် ဆိုသည်ကို အတိအကျ မသိရသေးပါ။