မကွေးတိုင်း တောင်တွင်းကြီးမြို့ပေါ်တွင် ဆူပူ သောင်းကျန်းသူများကို တရားဥပဒေအရ အရေးယူရန် စိစစ် ဆောင်ရွက်မှု များ ပြုလုပ်လျက်ရှိကြောင်း တောင်တွင်းကြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်မော် က ပြောသည်။
တောင်တွင်းကြီး မြို့ပေါ်၌ စက်တင်ဘာ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့သော ဆူပူ သောင်းကျန်းသူ ၅၀ ခန့်အနက် ၅ ဦးကို ဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ရေး ကော်မတီ (Information Committee) က စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။
ရဲမှူး ဝင်းနိုင်မော် က “အခြေအနေကတော့ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ နောက်ဆုံး အခြေအနေကတော့ ဘယ်သူတွေ ပါတယ်။ မပါဘူးဆိုတာ စိစစ်တုန်းခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
တောင်တွင်းကြီးမြို့ တောင်တွင်းကြီး – မကွေး ကားလမ်းမကြီး ဘေးရှိ မြို့ပေါ် ရပ်ကွက် တချို့တွင် စက်တင် ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်က တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်လာသည့် ဆူပူသောင်းကျန်းသူ ၅၀ ခန့်က အစ္စလမ် ဘာသာဝင်များ၏ နေအိမ်တချို့နှင့် ဆိုင်ခန်းတချို့အား ဖျက်ဆီးခဲ့ပြီး ဗလီထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ရဲတပ်ဖွဲ့ က အင်အားသုံး၍ တားမြစ်ခဲ့ရကြောင်းလည်း ဆိုသည်။
အဆိုပါဖြစ်စဉ်ကို ရဲတပ်ဖွဲ့က အင်အား ၁၀၀ ခန့် အသုံးပြု၍ တားမြစ်ခဲ့ခြင်း ဖြစ်ပြီး ည သန်းခေါင်ယံ မကျော်ခင် တွင်ပင် အခြေအနေများကို တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဆူပူ သောင်းကျန်းသူများထဲက ဖမ်းဆီးရမိသူ တဦး၏ ကနဦး ထွက်ဆိုချက် ဖြစ်သော “ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များအပေါ် မကျေနပ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း” ထွက်ဆိုချက်ကို အစိုးရ သတင်း ထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်တွင်းကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း ကလည်း “အဲဒီလူတွေကို ရဲတပ်ဖွဲ့က စိစစ် ဖော်ထုတ် နေပါတယ်။ ဖမ်းဆီးရမိရင် ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ။ ဒီပြဿနာမျိုး ထပ်မဖြစ်အောင် ကျနော်တို့ အနေနဲ့ ကြိုးစား ဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တောင်တွင်းကြီးမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း တောင်တွင်းကြီးမြို့နှင့် မကွေးမြို့ပေါ်မှ မွတ်စလင်များက အကြမ်းဖက်မှု များ ပူးပေါင်း လုပ်ဆောင်လိမ့်မည်ဟု မကြာခင် ရက်ပိုင်းများအတွင်းက လူမှုကွန်ရက် Facebook မှတဆင့် ကောလာဟလ သတင်းများ ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ညက ဖြစ်စဉ်တွင် အစ္စလမ် ဘာသာဝင်များက ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့သော်လည်း ဆူပူ သောင်း ကျန်းသူ အုပ်စုက အစ္စလမ် ဘာသာဝင်များ၏ နေအိမ်နှင့် ဆိုင်ခန်းတချို့ကို ဖျက်ဆီးခဲ့ကြောင်း၊ ဗလီထဲသို့ ဝင်ရန် ကြိုးစားရာတွင် ရဲတပ်ဖွဲ့က ပိတ်ဆို့ ဟန့်တားခဲ့သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်သည် မတော်တဆ ဖြစ်ခြင်းမျိုး မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ စီမံပြီးမှ စနစ်တကျ လုပ်ဆောင်သည့် အနေ အထားမျိုး တွေ့ရှိရကြောင်း အခင်းဖြစ်စဉ်ကို သွားရောက် လေ့လာစောင့်ကြည်ခဲ့သည့် အမည် မဖော်လိုသူ မြို့ခံတဦးက ပြောသည်။
“အဲဒီလူအုပ်စုက မူးပြီးတော့ ဓားတွေနဲ့ ဗလီဖျက်ဖို့လာတယ်။ လုံခြုံရေးအဖွဲ့တွေနဲ့ ဆယ်လှမ်း အကွာလောက် အထိ လာတယ်။ ရဲက ဟေ့ကောင်တွေ ဓားချဆို ချတယ်။ ဗလီထဲဝင်ဖို့ပြောတယ်။ ရဲက ဗလီထဲတော့မဝင်နဲ့ တခြားလမ်းက သွားဆိုတော့ သွားတယ်။ သူတို့မှာ ဦးဆောင်သူ ပါတယ်ဗျ။ လမ်းထဲမှာ ဒီဆိုင်တော့ မလုပ်နဲ့ဆို မလုပ်ဘူး။ ဒီဆိုင်လုပ် ဆိုရင်တော့ ရိုက်ဟဲ့၊ ချိုးဟဲ့ ပစ်ဟဲ့လုပ်ကြတယ်” ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် မြို့ပေါ်ရှိ မွတ်စလင်ဆိုင်တချို့ စိုးရိမ်မှုကြောင့် ပိတ်ထားခြင်းမှလွဲ၍ အခြားနေရာ အားလုံး တွင် တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန်လည်ပတ်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ညက ဖြစ်စဉ်သည် တောင်တွင်းကြီးမြို့၏ တည်ငြိမ်မှုကို ပျက်ပြားစေရန် လုပ်ဆောင်ခြင်း ဖြစ်သဖြင့် သွေးထိုး လှုံ့ဆော်သူများ၊ အဓိကရုဏ်း ဖန်တီးသူများကို ရှုတ်ချကြောင်း တောင်တွင်းကြီး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စက်တင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် သဘောထား ကြေညာချက် တရပ် ထုတ်ပြန် လိုက်သည်ကို တွေ့ရသည်။
ထိုထုတ်ပြန်ချက်တွင် တောင်တွင်းကြီး မြို့ခံများအနေဖြင့် ကောလာဟလ သတင်းများနှင့် ပတ်သက်၍ စိုးရိမ်မှု မရှိရန်နှင့် မြို့နယ်အတွင်း ပကတိ တည်ငြိမ်မှုများကို ဆက်လက ်ထိန်းသိမ်းနိုင်ရန် တာဝန်ရှိ ဌာနဆိုင်ရာ အသီးသီးနှင့် အစီအစဉ် တကျ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။