တပ်မတော်နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) တို့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကို ဖြေလျှော့နိုင်ရန် ဆွေးနွေးနိုင်ခဲ့ကြပြီး ၂ ဖက်တပ်များ ထိတွေ့မှု မရှိစေရန် ကြိုးစားမည်ဟု သဘောတူညီခဲ့ကြကြောင်း သတင်းရရှိသည်။
RCSS/SSA အဖွဲ့သည် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင် သည့် အစိုးရအဖွဲ့ဝင်များ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခေါင်းဆောင်သည့် တပ်မတော် ခေါင်းဆောင် များနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြသည်။
RCSS/SSA အဖွဲ့မှ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက “ကျနော်တို့နဲ့ တပ်မတော်ကြားမှာ တင်းမာမှုတွေကို ပြန်ပြီး နားလည်မှု ရအောင် ဆက်ပြီး ဘယ်လို ဆွေးနွေးကြမလဲ။ တင်းမာမှုတွေကို ဘယ်လို ဖြေလျှော့ကြမလဲ။ အဓိကအားဖြင့် ကျနော် တို့တပ်တွေ တိုက်ပွဲဖြစ်ခြင်းအားဖြင့် ပြည်သူလူထုတွေကို ထိခိုက်နိုင်တယ်။ ဒါကြောင့်မိုလို့ ၂ ဖက်တပ်တွေ ထိတွေ့မှု မဖြစ်အောင် ပိုကြိုးစားဖို့ သဘောထား ရှိခဲ့ပါတယ်” ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ပြည်သူလူထု ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် ကိစ္စရပ်များကို RCSS/SSA တို့ဘက်မှ မလုပ်ဆောင်ရန်၊ တပ်မတော်ကလည်း မလုပ်ဆောင်ရန် အာမခံကြောင်း၊ စစ်ရေးအရှိန် လျှော့ချနိုင်ရန် တပ်မတော်နှင့် အဓိက တွေ့ဆုံရခြင်း ဖြစ်ကြောင်း RCSS/SSA ဘက်က ပြောသည်။
“၂ ဖက်စလုံးကလည်း ဒီဟာတွေကို ဖြေလျှော့ဖို့ ဆွေးနွေးပါတယ်။ အကျိုးအမြတ်လည်း ရရှိခဲ့ပါတယ်။ ပြည်သူလူထု တွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့။ ကျနော်တို့ကလည်း ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ဝိုင်းဝန်းပြီး ကူညီ သွားကြမယ့် အကြောင်း၊ ၂ ဖက် တင်းမာမှုတွေကို လျှော့ချဖို့အကြောင်းတွေကို ဆွေးနွေးဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။
မကြာသေးမီကလည်း RCSS/SSA တို့ ပါဝင်သည့် ရှမ်းပြည် ညီညွှတ်ရေး ကော်မတီ၏ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးတခုကို တပ်မတော်က ထိုင်းနိုင်ငံ အစိုးရမှတဆင့် တားမြစ်ခဲ့ရာ ၂ ဖက် မကျေလည်မှုများ ရှိခဲ့ဖူးသည်။
“ကျနော်တို့ ရှမ်းပြည် ညီညွှတ်ရေး ကော်မတီ အနေနဲ့ ဆွေးနွေးရေးကို ကျနော်တို့ ကြိုးစားနေတဲ့အချိန်မှာ တပ်မ တော်ရဲ့ ပိတ်ပင် တားဆီးမှုကို ခံခဲ့ရတာပေါ့နော်။ တဖက်က ထိုင်းအာဏာပိုင်တွေကတဆင့် တားဆီးခြင်း ခံခဲ့ရတဲ့ အတွက်ကြောင့် ဒါဟာ NCA လမ်းကို ပိတ်တဲ့သဘောပဲ” ဟု ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက မီဒီယာများသို့ ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ဟာ အတူတကွ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ့်သူတွေ ဖြစ်တယ်။ ကျနော်တို့ ကြားထဲမှာ နားမလည်မှုတွေကို နားလည်မှု ရလာအောင်၊ ကျနော်တို့ တင်းမာမှုတွေကို ဖြေလျှော့သွားအောင်၊ အပြန်အလှန် တွေ့ ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေကို တည်ဆောက်နိုင်ဖို့ လာရောက်တွေ့ဆုံတယ်။ ဒီအချက်မှာ နားလည်မှု ရရှိခဲ့ပါ တယ်” ဟု ဆိုသည်။
အစိုးရသစ်လက်ထက်တွင် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံဖူးခြင်း မရှိသေးသလို တပ်မတော်နှင့်လည်း အမြင်လွဲမှားမှုများ ရှိနေ၍ ယုံကြည်မှု တည်ဆောက်ရန် နေပြည် တော်သို့ လာရောက်ရခြင်း ဖြစ်ကြောင်း၊ တွေ့ဆုံပွဲ အားလုံးကို ကျေနပ်၍ အကျိုးရှိခဲ့ကြောင်း RCSS/SSA က ပြော သည်။
RCSS/SSA အဖွဲ့နှင့် တွေ့ဆုံစဉ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို အခြေခံ၍ ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေး၊ တိုင်းရင်းသား နယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ကြား အမှတ်တရ ပစ္စည်းများ အပြန် အလှန် ပေးအပ်ကြပြီး တက်ရောက်လာသူများ အားလုံး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။