ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအတွင်း တုတ်၊ ဓား လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်လာသူ ၆ ဦးကို ဘင်္ဂါလီရွာသားများမှ ဝိုင်းဝန်းဖမ်းဆီးကာ လုံခြုံရေးတပ်ဖွဲ့ထံသို့အပ်နှံခဲ့ကြောင်း ကျီးကန်းပြင်နယ်ခြားစောင့်ရဲဌာနချုပ်က ပြောသည်။
၎င်းတို့ ၆ ဦးအနေဖြင့် စက်တင်ဘာ ၁၁ ရက်နေ့မနက်ပိုင်းက ကညင်တန်းကျေးရွာနေ အသက် ၂၄ နှစ် အရွယ် အာလီခါန်ဆိုသူအား ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်စဉ် ဒေသခံရွာသားများတွေ့ရှိ၍ ဝိုင်းဝန်းဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲမှူး ကိုကိုစိုးကပြောသည်။
ရဲမှူးကိုကိုစိုးက “ဘာကြောင့်ဒီကောင်လေးကို လာဖမ်းလည်းဆိုတာ စစ်မေးနေတုန်းပဲ၊ သူတို့တွေက ဒီရွာ ကမဟုတ်ဘူး၊ တခြားကလာတဲ့သူတွေ”ဟု ဧရာဝတီသို့ပြောသည်။
လက်ရှိတွင် ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ မရှိတော့သော်လည်း လုံခြုံရေးအရ စိတ်ချ ရမှုမရှိသေးဘဲ အချိန်မရွေ့အုပ်စုဖွဲ့ကာ တိုက်ခိုက်လာနိုင်သည့်အတွက် လုံခြုံရေးဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ရဲမှူးကိုကိုစိုးကပြောသည်။
ဖမ်းဆီးထားသည့် ၆ ဦးသည် ARSA အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ပြီး ရသေ့တောင်မြို့နယ်၊ နီးလင်းဘော်ရွာနေ မော်ဂို လာမောက်၊ ဘော်ရှီးအူလ္လာ၊ အတာဟူရာမန်၊ အောက်တန်းရာရွာနေ ဟူဆောန်းအာမတ်၊ ဘလာမီရွာနေ ဆော်ယော့ဒူလ္လာနှင့် ပေါက်ပင်ရင်းရွာနေ ကေပါ ယာဒ်အူလ္လာ ဆိုသူတို့ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းက သတင်း ထုတ်ပြန်ထားသည်။
လတ်တလောတွင် ၎င်းတို့ ၆ ဦးအား မောင်တောမြို့နယ်၊ အလယ်သံကျော်နယ်ခြားစောင့်စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
နီးလင်းဘော်ရွာ၊ အောက်တန်းရာရွာ၊ ဘလာမီရွာနှင့် ပေါက်ပင်ရင်းရွာတို့တွင် စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းက ကျေးရွာအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုံးခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရကြောင်းလည်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ကျေးရွာများအတွင်းဝင်ရောက်ကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကို ယခင်ကလည်းပြုလုပ်လေ့ရှိပြီး အစိုးရနှင့်နီးစပ်သည့် ဒေသခံများ၊ ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင် စုစုပေါင်း ၅၀ ဦးခန့် သတ်ဖြတ်ခံခဲ့ရပြီး ပျောက်ဆုံးနေသူများလည်းရှိနေသည်။
ARSA အကြမ်းဖက်အဖွဲ့မှ မောင်တောဒေသရှိ လုံခြုံရေးရဲကင်းစခန်းများအား သြဂုတ် ၂၅ ရက်နေ့မနက်ပိုင်း က ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၇ ရက်နေ့အထိ အကြမ်းဖက်သမား ၅၀ ဦးကို အရှင် ဖမ်းမိထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားများ နေရပ် စွန့်ခွာတိမ်းရှောင်ရမှုအပေါ် နိုင်ငံတကာနည်းတူ စိုးရိမ်ပူပန်ကြောင်းနှင့် ARSA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ် အပေါ် မည်သည့်အကြောင်းပြချက်နှင့်မျှ ခွင့်လွှတ်နိုင်မည်မဟုတ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။