သတင်း

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီ နောက်တကြိမ် စည်းဝေးမည်

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ဆောင်ရွက်နေသော ဂျော်ဒန်နိုင်ငံမှ မင်းသား Zeid Ra’ad Al Hussein က မွတ်ဆလင် ၃၀၀၀၀၀ ကျော် နိုင်ငံမှ ထွက်ပြေးခဲ့ရခြင်းသည် လူမျိုး သန့်စင်မှု (ethnic cleansing) ဖြစ်ဖွယ်ရှိကြောင်း သတိပေးခဲ့ပြီးနောက် မြန်မာနိုင်ငံ အနောက်ပိုင်း အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး တခုကို ကျင်းပရန်ရှိကြောင်း သိရသည်။

စင်တင်ဘာလ ၁၁ ရက်နေ့တွင် Zeid Ra’ad Al Hussein က ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် “လူမျိုးသန့်စင်မှု အတွက် နမူနာ ပြဌာန်းစာအုပ် တခု” အသွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

ထိုသို့သတိပေးခဲ့ပြီး နာရီ အနည်းငယ်အကြာတွင် လုံခြုံရေး ကောင်စီက မြန်မာအရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကမ္ဘာ့အသိုင်းအဝိုင်းမှ ပြင်းထန်စွာ ဝေဖန်စေခဲ့သည့် အဆိုပါ ပဋိပက္ခနှင့် ပတ်သက်၍ ဆွေးနွေးရန် စက်တင်ဘာလ ၁၃ ရက် နေ့တွင် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ တိုးလာနေသည့် အချိန်တွင် လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ယူပေးရန် ဆွီဒင်နှင့် ဗြိတိန်တို့က တောင်းဆိုခဲ့ကြသည်။

သြဂုတ်လ နှောင်းပိုင်းတွင် မွတ်ဆလင် စစ်သွေးကြွများက ရဲတပ်ဖွဲ့ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြပြီးနောက်တွင် လူနည်းစု မွတ်ဆလင် လူဦးရေ၏ ၃ ပုံတ ပုံ နီးပါးခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

စစ်သားများနှင့် ဗုဒ္ဓဘာသာဝင်များက သူတို့ကျေးရွာများအား မီးရှို့ခဲ့ကြောင်း ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည်များက ပြောကြသော်လည်း အစိုးရက မီးရှို့မှုများအအတွက် စစ်သွေးကြွများကို အပြစ်တင်ခဲ့သည်။

ရခိုင်မြောက်ပိုင်းရှိ ပဋိပက္ခနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီက သြဂုတ်လ နှောင်းပိုင်းတွင် တံခါးပိတ် အစည်းအဝေးတခု ပြုလုပ်ခဲ့သေး သော်လည်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း မရှိပါ။

အမေရိကန်နိုင်ငံကလည်း မွတ်ဆလင်များ ထွက်ပြေးရခြင်းက မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများကို ကာကွယ်ပေးခြင်း မရှိကြောင်း ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ အသွင်ကူးပြောင်းမှုကို အားတက် သရော ထောက်ခံခဲ့သည့် နိုင်ငံဖြစ်သည်။

“မြန်မာ လုံခြုံရေး တာဝန်ရှိသူတွေ အနေနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားဖို့၊ ပဋိပက္ခကို ရပ်တန့်ဖို့နဲ့ အသိုင်းအဝိုင်း အားလုံးက အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု အိမ်ဖြူတော်မှ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၁ ရက် ညနေက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်တွင် “နေရပ် စွန့် ခွာတိမ်းရှောင်ကြရသည့် လူမှုအသိုင်းအဝန်းများ အားလုံးအတွက် လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ဘက်လိုက်ခွဲခြားမှု မရှိစေဘဲ ပေးအပ်သွားမည် ဖြစ်ကြောင်း နှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြင့် တည်ထောင်ထားသော မြန်မာအစိုးရ ဦးဆောင်သည့် အကူအညီပေးရေးယန္တယားတရပ်မှ တဆင့် လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း” ဖော်ပြထားသည်။

လတ်တလောတွင် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာနက ရခိုင်ပြည်နယ်မှ( အဓိကအားဖြင့် ရခိုင် ပြည်နယ် မြောက်ပိုင်းမှ) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူများ အားလုံးအတွက် မြန်မာ အစိုးရ ဦး ဆောင်သည့် အကူအညီပေးရေးလုပ်ငန်းများအတွက် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) မှ တဆင့် အမေရိကန် ဒေါ်လာ ၃.၂ သန်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ရခိုင်မြောက်ပိုင်းအရေး နိုင်ငံတကာဖိအားများ တိုးနေသည့်အချိန်တွင် လာမည့် အပတ်တွင် ကျင်းပရန် ရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တက်ရန် ရှိ မရှိ နေပြည်တော်၏ ဆုံးဖြတ်ချက်မှာ ရေရာမှု မရှိသေးပေ။

အမေရိကန်ပြည်ထောင်စုရှိ မြန်မာ့မိတ်ဆွေများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ချက်များကို ရှင်းပြပြောဆိုခြင်းဖြင့် နိုင်ငံတကာ ဖိအားများကို လျော့ပါးသွားစေလိုသော်လည်း ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများကမူ ဒေါ်အောင်ဆန်းစုကြည် ပြည်ပတွင် ရောက်နေချိန် ပြည်တွင်း နိုင်ငံရေးအခြေအနေ ပိုမိုရှုတ်ထွေးစေရန် မလိုသူများက ဖန်တီးလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

Loading