သတင်း

ပြည်တွင်းရေးကြောင့် ကုလညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မသွားဖြစ်

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းရေး အခြေအနေများကို အလေးပေး ဖြေရှင်းနိုင်ရန် ရှေ့အပတ် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မသွားရောက်တော့ဘဲ ဒုတိယ သမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူ၊ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းတို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုရှိသူ ဦးကျော်ဇေယျက ဧရာဝတီသို့ ပြောသည်။

ဦးကျော်ဇေယျက “လက်ရှိ အနေအထားအရ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်တွင်းမှာ အလေးပေး ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိနေတဲ့ အခါကျတော့ ဒုတိ ယ သမ္မတက ဦးဆောင်သွားမယ့် သဘောပါ။ ဒုတိယ သမ္မတနဲ့အတူ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် လည်း လိုက်သွားမှာပါ။ သက်ဆိုင်ရာ မြန်မာ သံအမတ်ကြီးကလည်း (ရခိုင်အရေး) တင်ပြမှုတွေ ရှိပါမယ်”ဟု ပြောသည်။

ယခင်နှစ်များက နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သွားသည့် အနေအထား ရှိသော်လည်း ပြည်တွင်းရှိ ရခိုင် မြောက်ပိုင်း အရေးကိစ္စ များနှင့် ပတ်သက်၍ မြန်မာ အစိုးရ၏ ရပ်တည်ချက်ကို တင်ပြနိုင်ရန် ဒုတိယ သမ္မတက ဦးဆောင်ခြင်း ဖြစ်ကြောင်း၊ ခရီးစဉ်ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ရန် စီစဉ်ထားသည်မှာ မှန်သော်လည်း တိတိကျကျ ဆုံးဖြတ်ထားခြင်း မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

“သူ့(ဒေါ်အောင်ဆန်းစုကြည်) အနေနဲ့ ပိုပြီး အလေးပေး ဆောင်ရွက်ရမယ့် ကိစ္စလေးတွေ ရှိနေတဲ့အခါကျတော့ ကုလသမဂ္ဂကို ဒုတိယ သမ္မတကပဲ ဦးဆောင်သွားမှာပါ။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ဒုတိယ သမ္မတက ရှင်းလင်းတင်ပြဖို့ ရှိပါ တယ်။ ဒါတွေကလည်း လိုအပ်သလို ပြင်ဆင်သွားမှာပါ”ဟု ဦးကျော်ဇေယျက ပြောသည်။

ကုလသမဂ္ဂသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မသွားရောက်နိုင်သဖြင့် မြန်မာအစိုးရ၏ ရခိုင်အရေး ရပ်တည်ချက်များကို Message ပေးခြင်း၊ ရှင်းပြခြင်း စသည့် အခွင့်အရေးများ ဆုံးရှုံးနိုင်သော်လည်း လက်ရှိတွင် ပြည်တွင်း လုံခြုံရေးကို ပိုအရေးကြီး၍ အစိုးရ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ရန်ကုန်မြို့မှ နိုင်ငံခြား သတင်းထောက် ဦးသီဟသွေးက ပြောသည်။

“အဲဒီ အခြေအနေထက်စာရင် တိုင်းပြည်မှာ Security ကို ခြိမ်းခြောက်နေတဲ့ အခြေအနေတွေကို အနီးကပ် ထိန်းသိမ်းဖို့ လိုတယ်။ မြို့တွေအားလုံးကို ဆူပူမှုတွေ ဖြစ်ဖို့အတွက်ကို အခြေအနေတွေ ဖြစ်နေတယ်။ လူတွေကလည်း ထိတ်လန့်ပြီးတော့ စိုးရိမ်နေရတဲ့ အခြေအနေမျိုးမှာ တိုင်းပြည်မှာ ထူးခြားတဲ့ အခြေအနေတွေ ဖြစ်သွားနိုင်တဲ့ အတွက် သူက အနီးကပ် ရှိနေသင့်တယ်”ဟု ဦးသီဟသွေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မသွားရောက်နိုင်သော်လည်း မှန်ကန်သည့် အချက်အလက်များ ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရန်သာ လိုကြောင်း၊ တိုင်းပြည် ခေါင်းဆောင် သမ္မတကြီး ဦးထင်ကျော်မှာလည်း ကျန်းမာရေး မကောင်း၍ အနားယူနေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင် Decision Maker တဦးအနေဖြင့် ရှိနေသင့်ကြောင်း ၎င်းက သုံးသပ်သည်။

သြဂုတ်လ နှောင်းပိုင်းတွင် မွတ်ဆလင် စစ်သွေးကြွများက ရဲတပ်ဖွဲ့ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး မြန်မာ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြသည့်နောက်တွင် မွတ်ဆလင် ၃ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ယင်းအတွက် နိုင်ငံတကာဖိအားများ တိုးလာနေပြီး ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် “လူမျိုးသန့်စင်မှု အတွက် နမူနာ ပြဌာန်းစာအုပ် တခု” အသွင် ရှိနေကြောင်း ပြောသည်။

စက်တင်ဘာလ ၁၁ ရက် ညနေက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်တွင် “နေရပ် စွန့် ခွာတိမ်းရှောင်ကြရသည့် လူမှုအသိုင်းအဝန်းများ အားလုံးအတွက် လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ဘက်လိုက်ခွဲခြားမှု မရှိစေဘဲ ပေးအပ်သွားမည် ဖြစ်ကြောင်း နှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြင့် တည်ထောင်ထားသော မြန်မာအစိုးရ ဦးဆောင်သည့် အကူအညီပေးရေးယန္တယားတရပ်မှ တဆင့် လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း” ဖော်ပြထားသည်။

ကုလသမဂ္ဂတွင် OIC နိုင်ငံများက မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချရန် အင်အားစုနေချိန် ထိပ်တိုက်မရင်ဆိုင်ဘဲ မိတ်ဆွေနိုင်ငံများ ပိုမို များပြားလာ စေရန် စည်းရုံးသင့်ကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်းသည် အကျိုးမရှိနိုင်ကြောင်း နိုင်ငံရေးသုတေသီ ဖြစ်သူ ဦးေမောင်မောင်စိုးက ပြောသည်။

“ကျနော်တို့က နိုင်ငံတကာကို လက်တွေ့ပြန်ပြရမယ့် မောင်တောပြဿနာ၊ ပြည်တွင်း ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အခိုင် အမာ ဘယ်လို ခြေလှမ်း လှမ်းနေတယ်ဆိုတာကို ဆောင်ရွက်ပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဲဒါက ပိုအရေးကြီးပါတယ်။ ပါးစပ်နဲ့ ဖြေရှင်းတာထက်စာရင် လက်တွေ့ လုပ်ကိုင်ပြပြီးတော့ ဖြေရှင်းတာက ပိုသင့်လျော်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading