သတင်း

ကျန်းမာရေးအတွက် ကွမ်းမစားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးအတွက် ကွမ်းမစားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

နေပြည်တော်တွင် အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၌ စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်သော ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်ရေးလှုပ်ရှားပွဲ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ယင်းသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

အဆိုပါ သဝဏ်လွှာထဲတွင် မြန်မာပြည်သူ ၇ သန်းကျော်သည် နေ့စဉ် ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံပါဝင်သည့် ကွမ်းယာကို သုံးစွဲနေကြပြီး ထိုဆေးရွက်ကြီး ကြောင့် နှစ်စဉ်သေဆုံးသူ ၆ သောင်းကျော်ရှိကြောင်း သုတေသန ပြုချက်များ အရ သိရသဖြင့် ထိုသို့သော အခြေအနေသည် ကြီးမားသည့် စိန်ခေါ်မှု တရပ်ဖြစ်သည်ဟုဆိုသည်။

“ဤမျှကြီးမားတဲ့ ကျန်းမာရေးစိန်ခေါ်မှုကြီးကို ပြည်သူများက “နောင်တမရအောင် ကွမ်းယာကိုရှောင်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမျိုးသားရေး တာဝန်တရပ်အဖြစ် ဇွဲသန်သန်နဲ့ ရင်ဆိုင် အနိုင်ယူ သွားကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်” ဟု သဝဏ်လွှာထဲတွင် ပါရှိသည်။

ယခုကဲ့သို့ ကျယ်ပြန်သည့် ကျန်းမာရေးလုပ်ငန်းကြီးတခု ဆောင်ရွက်ရာတွင် ပြည်သူလူထုထံသို့ ထိရောက်သည့် အသိပညာပေးမှု အဓိကကျသကဲ့သို့ ရေရှည် ထိရောက်မှု ရှိရှိ ဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

ပညာပေးမှု နည်းလမ်းအသွယ်သွယ်များ အကျိုးသက်ရောက်မှု ကြီးမားစေရန်အတွက် စာသင်ကျောင်းများမှ ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အဆင့်ဆင့်သော တာဝန်ရှိသူများ အားလုံးက ပညာပေးလုပ်ငန်းများကို စီမံဆောင်ရွက်ရာမှာပါဝင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားသည်။

“အထူးသဖြင့် လက်ရှိ ဆေးလိပ်နဲ့ ဆေးရွက်ကြီး၊ ကွမ်းယာသုံးစွဲခြင်း မပြုသေးတဲ့ ကျောင်းသား ကျောင်းသူ လူငယ်များ (အသက် ၁၃-နှစ်အောက်အရွယ်များ) စတင်သုံးစွဲခြင်းမပြုရေး၊ သုံးစွဲမိသူများအားလည်း အန္တရာယ် ကြီးမားလှသော သုံးစွဲမှုကို ရပ်တန့်စေရေးကို စုပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ပါရှိသည်။

ပြည်သူလူထုရဲ့ ကျန်းမာ အသက်ရှည်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သဖြင့် ရလာဒ်ကောင်းများ ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အာစီယံ နိုင်ငံများအကြားတွင် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံကို ကွမ်းယာတွင် ထည့်သွင်းသုံးစွဲခြင်း ရာခိုင်နှုန်း အများဆုံး ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံတွင် လူငယ်လူရွယ်များ၊ အမျိုးသမီးများ၊ အမျိုးသားများ အပါအဝင် ပြည်သူများအကြား ဆေးလိပ်သောက်ခြင်းနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါဝင်သည့် ကွမ်းယာကို နေ့စဉ် အဆက်မပြတ်သုံးစွဲခြင်းတို့ တိုးတက်များပြားနေလျှက်ရှိသည်။

ကျန်းမာရေးအတွက် ကွမ်းယာ မစားသုံးကြရန် အတွက် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ မြို့ကြီး ၆ မြို့တွင် ယခုလက စ၍ လှုံ့ဆော် ပညာပေးမှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ထံမှ သိရသည်။

အလားတူ လှုံ့ဆော်မှုများကို မင်္ဂလာရုပ်ရှင်ရုံများတွင် ရုပ်ရှင်မပြသမီ အသိပညာပေး ပြသရန်ရှိသကဲ့သို့ MRTV နှင့် DVB တို့မှလည်း ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ လှုံ့ဆော်မှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ကျပ်သိန်းပေါင်း ၂၅၀၀ အကုန်ကျခံထားကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading