သတင်း

အမေရိကန်၊ တရုတ် အပါအဝင် နိုင်ငံတကာ သံတမန်များနှင့် RCSS ဥက္ကဋ္ဌ တွေ့ဆုံမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အမြင်သဘောထားများကို ဆွေးနွေးနိုင်ရေးအတွက် အမေရိကန်၊ တရုတ် အပါအဝင် ဥရောပ သမဂ္ဂ(EU)အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လာမည့် စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ EU အဖွဲ့ဝင် ဆွစ်ဇာလန်၊ ဂျာမနီ၊ သြစတေးလျ၊ အီတလီ တို့အပါအဝင် တချို့သော အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များနှင့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံမည်ဖြစ်ပြီး အမေရိကန်နှင့် တရုတ် သံတမန်များကို ၎င်းတို့၏ သံရုံးများတွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။

RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက “သံတမန်တွေကို မနက်ဖြန်လောက်မှ (စက်တင်ဘာ ၁၄ ရက်) ကျနော်တို့ တွေ့ဖြစ်မှာပါ။ ကျနော်တို့ EU ထဲက နိုင်ငံတွေ တော်တော်များများလည်း ပါပါတယ်။ အမေရိကန် သံတမန်တွေလည်း ရှိပါတယ်။ ပြီးတော့ တရုတ်နဲ့ လည်း တွေ့ဖို့ရှိပါတယ်။ EU အဖွဲ့ဝင် နိုင်ငံထဲက ဆွတ်ဇာလန်တို့လို ဘာတို့လို EU ထဲက နိုင်ငံ တော်တော်များ များ ပါပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံစဉ် RCSS ဘက်မှ အမြင်၊ သဘောထား၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တိုးတက်အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး သံတမန်များ သိလိုသော အရာများကို ပြန်လည် ဖြေကြားကာ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊စက်တင်ဘာ ၁၁ ရက်က RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အား တွေ့ဆုံကာ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး တပ်မတော်နှင့် RCSS အကြား ထိတွေ့ တိုက်ပွဲများ လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ ပြဿနာများ ဖြေရှင်းရာတွင် ဆက်ဆံရေးရုံးများမှ တဆင့် ဖြေရှင်းကြ ရန် ဆွေးနွေးခဲ့ကြကြောင်း RCSS ဘက်မှ ဆိုသည်။

RCSS/SSA သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပါအဝင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရ၊ တပ်မတော်၊ တခြားသော လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက် နေသည်။

သို့သော် NCA ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးပြီးနောက်ပိုင်းမှ စ၍ ယနေ့ စက်တင်ဘာ ၁၃ ရက် အထိ တပ်မတော်နှင့် RCSS အကြား ရှမ်းပြည်နယ်အတွင်း ထိတွေ့ တိုက်ပွဲ အကြိမ် ၂၀ ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading