သတင်း

စစ်တွေ ကယ်ဆယ်ရေး စခန်းရှိ မရမာကြီး တိုင်းရင်းသား ၂၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် စစ်တွေမြို့ မရမာကြီး ကယ်ဆယ်ရေး စခန်းသို့ တိမ်းရှောင် ရောက်ရှိနေသော မရမာကြီး တိုင်းရင်းသား ၂၂၄ ဦး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရ သည်။

စစ်တွေမြို့ မရမာကြီး ကယ်ဆယ်ရေး စခန်းကို စတင်ဘာလ ၇ ရက်နေ့က စတင်ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး လက်ရှိ အချိန် တွင် စားနပ်ရိက္ခာနှင့် စောင်၊ ခြင်ထောင်များ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ကူညီဆောင်ရွက် ပေးနေသူ တဦး ဖြစ်သည့် မရမာကြီး တိုင်းရင်းသား ကိုအောင်ထွန်းလင်း က ပြောပြသည်။

ကိုအောင်ထွန်းလင်းက “အစိုးရနဲ့ အဖွဲ့အစည်းတွေ လာလှူတာရှိပါတယ်။ ထွက်ပြေးလာတဲ့ လူတွေက တနေ့ထက် တနေ့ များလာတော့ စားရေး သောက်ရေးတွေ အကူအညီ လိုအပ်နေပါတယ်။ နောက်ပြီးတော့ စောင်နဲ့ ခြင်ထောင်လို တယ်။ အရေးကြီးဆုံးက အိမ်သာ ပြဿနာပဲ။ ဒီနေ့ နောက်ထပ် လူပေါင်း ၁၀၀ ကျော်လောက် ထပ်ရောက်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော ရခိုင်မျိုးနွယ်စုဝင် မရမာကြီး တိုင်းရင်းသားများသည် မောင်တော မြို့နယ် မြောက်ပိုင်း၊ တမန်းသား ကျေးရွာ၊ ကြိမ်ချောင်း ကျေးရွာ၊ လောင်းဒုံကျေးရွာ၊ တောင်ပြိုလက်ဝဲ၊ မီးတိုက် ကျေးရွာ တို့မှ ဖြစ်ကြောင်း သိရသည်။

တမန်းသား ကျေးရွာမှ ထွက်ပြေး တိမ်းရှောင်လာသူ မရမာကြီး တိုင်းရင်းသူ ဒေါ်လှလှက “အရေး အခင်းကာလက ဆို ကျမတို့ ပြေးစရာလည်း မရှိဘူး။ ဖုန်းတလုံးနဲ့ ဟိုဆက်၊ ဒီဆက် အကူအညီ တောင်းခံတယ်။ ဘယ်အဖွဲ့မှလည်း ရောက် မလာဘူး။ သူတို့ (အစိုးရ) ကတော့ ပြောမယ်။ နယ်မြေ မဆုံးရှုံးရအောင် ကိုယ့်ဒေသကို မစွန့်ပါနဲ့ပေါ့။ ဘာ လုံခြုံရေးမှ မပေးဘဲ ဆက်လက် တောင့်မခံနိုင်တော့ဘူး”ဟု ပြောသည်။

မရမာကြီး တိုင်းရင်းသားများသည် အကြမ်းဖက်မှု ဖြစ်စဉ်ကာလ အတွင်းက လမ်းခရီးများ ပြတ်တောက်သွား ရသည့် အတွက် ကျေးရွာများတွင် ကျီးလန့်စာစား နေထိုင်ခဲ့ရသူများ ဖြစ်ပြီး အခြေအနေ ပေးသည်နှင့် တပြိုက်နက် ဆက် လက် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင် လာခဲ့ခြင်း ဖြစ်ကြောင်း မရမာကြီး ကျေးရွာသားများက ပြောပြကြသည်။

တမန်သား ကျေးရွာတွင် ရခိုင်၊ သက်၊ မရမာကြီး တိုင်းရင်းသားများ စုပေါင်းနေထိုင်ခြင်း ဖြစ်ပြီး စတင်ဘာလ ၈ ရက် နေ့ က ကျေးရွာမှ ကားလမ်း အတိုင်း လမ်းလျောက်ကာ ထွက်ပြေးလာစဉ် လမ်းခရီးတွင် ၎င်းတို့ကဲ့သို့ ထွက်ပြေး လာကြသော ဘင်္ဂါလီ ကျေးရွာသားများကိုလည်း တွေ့မြင်ခဲ့ရကြောင်း ဒေါ်လှလှက ဆက်လက် ပြောကြားသည်။

“ကျမတို့ရွာက ထွက်လာတော့ လမ်းမှာ ဘင်္ဂါလီတွေနဲ့ တွေ့တော့ ရှေ့မတိုးရဲတော့ဘူး။ သူတို့လည်း နောက်ဆုတ်သွား တယ်။ ကျမတို့ မှာ အားလုံးစုပေါင်းပြီး ထွက်လာကြတာဆိုတော့ လူပေါင်း ၃၀၀ ကျော်လောက်ပါမယ်။ ဘင်္ဂါလီတွေ ကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးများတယ်။ လူပေါင်း ၅၀၀၀ လောက်ရှိတယ်။ သူတို့ (ဘင်္ဂါလီ) ဘက်က လက် နှစ်ဘက်ကို ကာပြီး အချက်ပြတယ်။ ငါတို့ ရန်မပြုဘူး။ ဆက်သွားကြပါ ဆိုပြီးတော့ ပေါ့။ အဲဒါနဲ့ သူတို့လည်း ဆက် သွားတယ်။ ကျမတို့လည်း ခရီးဆက်လာကြတာပေါ့”ဟု ဒေါ်လှလှက ပြောပြသည်။

ရခိုင်ပြည်နယ်အတွင်း မရမာကြီး တိုင်းရင်းသား ၁၃၀၀၀ ကျော် ရှိပြီး စစ်တွေ၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ မြို့နယ် များတွင် ပြန့်ကျဲနေထိုင်ကြကြောင်း မရမာကြီး တိုင်းရင်းသားများထံမှ သိရသည်။

သြဂုတ်လ ၂၅ ရက်က က စတင်သည့် မောင်တော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေ့စဉ် ထွက်ပြေးလျက် ရှိရာ စစ်တွေမြို့တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်း ၃၀ ကျော်အထိ ရှိလာပြီ ဖြစ်ပြီး လူပေါင်း ၅၃၀၀ ကျော် ထွက်ပြေး ရှောက်ရှိနေကြောင်း ကူညီ ဆောင်ရွက် ပေးနေသူများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading