သတင်း

စမ်းချောင်းမြို့နယ်တွင် လူသတ်ရန် ဆူပူသောင်းကျန်းသူကို ထောင်ဒဏ် ၈ ရက် ချမှတ်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်း အစ္စလာမ် ဘာသာဝင်များကို သတ်ပစ်မည်ဟု စက်တင်ဘာ ၁၂ ရက် ညပိုင်းက တလမ်းဝင် တလမ်းထွက် အော်ဟစ်ခဲ့သူကို စမ်းချောင်းမြို့နယ် တရားရုံးမှ မူးယစ်ရမ်းကားမှုဖြင့် ထောင်ဒဏ် ၈ ရက် ယနေ့ ချမှတ်လိုက်ပြီဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရဲစခန်းမှ သိရသည်။

“ဒီမနက် စမ်းချောင်းမြို့နယ် တရားရုံးမှာ ရန်ကုန်ရဲအက်ဥပဒေ ၄၁-၁၄ (မူးယစ်ရမ်းကား)နဲ့ တရားစွဲတင်ပြီး ထောင်ဒဏ် ၈ ရက် ချလိုက်တာ” ဟု စမ်းချောင်းမြို့နယ် ရဲစခန်းမှ တာဝန်ကျရဲတဦးက ဧရာဝတီကို ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် ည ၈ နာရီခန့်အချိန်တွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်တွင် လူငယ်အမျိုးသားတဦးမှ အရက်သေစာ သောက်စားမူးယစ်ပြီး ညစ်ညမ်းစကားလုံးများ ဖြင့် ဘင်္ဂါလီများဟု သုံးနှုန်းကာ ဆဲဆိုနေခြင်းကြောင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သွားရောက်ထိန်း သိမ်းခဲ့ရကြောင်း၊ ဆဲဆိုသူအမျိုးသားမှာ ကြည့်မြင်တိုင်မြို့နယ်၊ မီးရထားဘူတာဝင်းလိုင်းခန်းတွင် နေထိုင်သည့် အသက် ၂၄ နှစ်ရှိ သိန်းထွေး(ခ)အောင်သိန်း ထွေး ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အမျိုးသားအား စစ်ဆေးရာ ၎င်း၏အစ်ကိုအရင်းဖြစ်သူ ကိုအောင်စိုးမိုးသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ မိသားစုနှင့်အတူ သွားရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေစဉ် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံရကြောင်း ဖုန်းသတင်းရရှိသဖြင့် စိတ်ခံစားချက်အရ နေအိမ်လိုင်းခန်းသို့ ပြန်လာစဉ် အများပြည်သူအနှောင့်အယှက်ဖြစ်စေရန် ဆဲဆို ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆဲဆိုသူအမျိုးသား၏ ဗီဒီယိုဖိုင်သည် ညတွင်းချင်းပင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားပြီး အဆိုပါအမျိုးသားသည် စမ်းချောင်းမြို့နယ်၊ ကျိုက်လတ်လမ်းအရောက်တွင် ရပ်ကွက်နေသူများက ဖမ်းဆီး၍ ရဲထံအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စမ်းချောင်းပြည်သူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ တကယ်ကို တက်တက်ကြွကြွနဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့ တည်ငြိမ်ဖို့ အတွက်ဆို အားလုံးက စွမ်းစွမ်းတမံ ကျရာတာဝန်ထမ်းဆောင်ကြတယ်။ တကယ်ကို တာဝန်ကျေပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ အနေနဲ့လည်း တရားဥပဒေဆိုတဲ့ ဥပဒေတွေရှိပြီးသားအတိုင်းကို လုပ်ဆောင်ရမှာပဲ။ ဒါကို ပျက်ကွက်လို့ မဖြစ်ဘူး” ဟု စမ်း ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက မှတ်ချက်ပြုသည်။

အဆိုပါသတင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Myanmar Now သတင်းဌာနက စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦး၏ ပြောပြချက် အရ အမှုမဖွင့်ဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းတွင် သတင်းဖော်ပြခဲ့သည်။

ကိုဆွေဝင်းက “Myanmar Now က ဒီသတင်းကို ရေးတဲ့အခါမှာ သတင်းရင်းမြစ်ကို မဖော်ပြဘဲ ရေးတာမဟုတ်ဘူး။ သတင်းရင်းမြစ်ကို တိတိကျကျ ဖော်ပြတယ်။ နောက်ပြီး Myanmar Now ကနေပြီး ဒီရဲစခန်းကို ဒီမနက်အစောကြီးမှာ သွားတွေ့ပြီးတော့မှ တွေ့ခဲ့တဲ့ ရဲအရာရှိနဲ့ အင်တာဗျူးလုပ်ခဲ့တယ်။ သူကနေပြီး ဒီလူ့ကို ပြန်လွှတ်ပေးလိုက်ပြီ။ ဒီလူဟာ လူ မျိုးရေး ဘာသာရေးအရ လှုံ့ဆော်တာမဟုတ်ဘူးဆိုပြီးမှ ပြောတဲ့အတွက်ကြောင့် ကျနော်တို့က အဲအတိုင်းရေးပြီး သတင်း ထွက်ပြီးတော့ နှစ်နာရီသုံးနာရီအကြာမှာ သူကပြန်ဆက်လာပြီးတော့မှ မဟုတ်ဘူး ဒါမှားသွားတယ်။ သူတို့ အရေးယူဖို့လုပ် ဆောင်နေတဲ့အကြောင်း ပြောတယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “နောက်တခုက ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့အခါမှာ ဒီလူဟာ သူ့အစ်ကိုသတ်လိုက်လို့ မကျေနပ်လို့ဖြစ်တယ်ဆိုတဲ့ အချက်က ကျနော်ကလည်း စမ်းချောင်းမှာရှိတဲ့ဒေသခံပဲဆိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့အခါမှာ ဘာသာခြားတွေ ကုလား တွေအားလုံးကို သတ်ပစ်ဆိုတဲ့ စကားတွေကို မပါဘူးဆိုတာ သိရတယ်။ မွတ်စလင်တွေအားလုံး ဆိုပြီးဆဲတယ်။ အဲဒါတွေ မပါဘဲနဲ့ သူတို့ရဲ့ချဉ်းကပ်ပုံက ရခိုင်အရေးနဲ့ပတ်သက်ပြီး မကျေနပ်လို့ဖြစ်ရတယ်ဆိုတာမျိုး သက်ရောက်သွားတယ်။ လူထု ကြားမှာ ရိုက်ခတ်သွားမှု ခြောက်ခြားသွားမှု ကြောက်ရွံ့မှု ဒါတွေ မပါဘူး” ဟု ပြောသည်

Did you find apk for android? You can find new Free Android Games and apps.
Loading