သတင်း

ပလက်ဝတွင် ချင်း အမျိုးသမီးတဦး မိုင်းထိ သေဆုံးမှု ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကွမ်းချောင်းဝ ကျေးရွာအုပ်စု အတွင်း တောင်ယာမှ ပြန်လာသည့် ချင်း အမျိုးသမီး တဦး မိုင်းနင်းမိပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

မိုင်းနင်းမိပြီး သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၃၇ နှစ်အရွယ် မသိန်းထိုက် ဖြစ်ပြီး ကွမ်းချောင်းဝ ကျေးရွာ အုပ်စု ငန်းချောင်းဝကျေးရွာမှ ဖြစ်ကာ စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် တောင်ယာမှ အိမ်သို့ ပြန်လာရာ မိုင်း နင်းမိခြင်း ဖြစ်သည်။

ချင်း ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ အတွင်းရေးမှူး ဆလိုင်းအောင်လင်း က “မိုင်းနင်းမိပြီး သေသွားတာ သေချာပါတယ်။ သူတို့ပြောလို့ သိရတာက တောင်ယာ ပုံမှန်သွားနေတဲ့ လမ်းမှာ နင်းမိတာပါ။ အခုဖြစ်တာ တောတိုးလို့ မဟုတ်ဘူး။ တောင်ယာ ကို ပုံမှန်သွားနေတဲ့ လမ်းမှာ ဖြစ်တာ။ ဒါကျနော် နောက်ဆုံးရထားတဲ့ သတင်းပါ” ဟု ပြောပြသည်။

ပလက်ဝ မြို့နယ်အတွင်း တပ်မတော်၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA/ALP) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့၏ တပ်ဖွဲ့ စခန်းများ ရှိကြောင်း သိရသည်။

တပ်မတော်နှင့် AA သည် သြဂုတ်လ လကုန်ပိုင်းတွင် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားထားသည်။

ဆလိုင်းအောင်လင်း အပါအဝင် ဒေသခံများ၊ CNF တပ်ဖွဲ့ဝင် တချို့ကို ဧရာဝတီက မေးမြန်းရာ CNF သည် ပလက်ဝမြို့ တွင် ရုံးစိုက်ပြီး ပလက်ဝ မြို့နယ်အတွင်း တပ်စခန်းများ မရှိကြောင်း၊ CNF ၏ တပ်စခန်းများသည် ပလက်ဝမြို့နယ် မြောက်ပိုင်း တွင်သာ အနည်းငယ် ရှိကြောင်း၊ ယခု မိုင်းပေါက်ကွဲသည့် နေရာ တဝိုက်တွင် ALP နှင့် AA တပ်ဖွဲ့ဝင်များသာ ရှိကြောင်း ပြောဆိုကြသည်။

ဆက်လက်ပြီး ဆလိုင်းအောင်လင်းက ပလက်ဝမြို့နယ်အတွင်း AA တပ်ဖွဲ့များ ရောက်ရှိလာပြီး ၂၀၁၅ ခုနှစ် ဝန်းကျင် မှ စ၍ ဒေသခံ ချင်း တိုင်းရင်းသားများနှင့် AA တပ်ဖွဲ့ဝင်များ ဆက်ဆံရေး မပြေလည်ကြောင်း၊ AA သည် အမျိုးသားရေး စိတ်ဓာတ် ပြင်းပြပြီး ပလက်ဝမြို့ကိုလည်း ရခိုင်ပြည်နယ် အတွင်း ပြန်ရအောင် ယူမည်ဟူသည့် ပြောဆိုသံများ ကြားရ သဖြင့် ချင်း တိုင်းရင်းသား ဒေသခံများက မနှစ်သက်ကြကြောင်း ပြောသည်။

ဒေသခံများကမူ ၎င်းတို့ ဒေသသည် တိုက်ပွဲများ မရှိဘဲ အေးချမ်းသည့် ဒေသဖြစ်ပြီး AA တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်လာပြီး မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း ရင်ဆိုင်လာရသည်ဟု ပြောဆိုကြသည်။

ဆလိုင်းအောင်လင်းက “ပြီးခဲ့တဲ့ ၄ပတ်လောက်က စစ်တပ်တွေ ကုလားတန် အထက်ကို တော်တော်များများ တက်သွား ကြတယ်။ ဒီမှာ ကျနော်တို့ ဘက်ကလည်း ဘာဖြစ်လဲဆိုတော့ AA က အမျိုးသားရေး အရမ်းဆန်ပြီး ပလက်ဝကို ရခိုင် ပြည်နယ်ပါ ဆိုပြီး ပြောတယ်။ သူတို့ တော်လှန်ရေးသက်တမ်း မရင့်သေးတော့ ဒေသခံတွေနဲ့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ တတ်ပုံ မပေါ်ဘူး။ အဲ့ဒီတော့ အထူးသဖြင့် AA လာပြီဆို ဒေသခံတွေက စစ်တပ်ကို ခေါ်ခေါ်နေတဲ့ ကိစ္စကလည်း ရှိလာတယ်” ဟု ဦးဆလိုင်းအောင်မင်း က ဆိုသည်။

ပလက်ဝမြို့ အမျိုးသား လွှတ်တော်အမတ် ဦးဝှေ့တင်း ကလည်း AA နှင့် တပ်မတော်က ပလက်ဝ မြို့နယ်အတွင်း စစ်ရေး တင်းမာနေပြီး လူနေရွာများနှင့် နီးသည့် တောစပ်များတွင် AA တပ်ဖွဲ့ဝင် အများအပြား ရောက်လာသည်ဟု သတင်းရရှိ ထားကြောင်း၊ ဒေသခံများက ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်နေကြောင်း ပြောသည်။

“အခုက တောင်ယာစပါး ရိတ်တဲ့ အချိန်၊ ကြောက်လို့ တောင်ယာစပါး ဘယ်လိုမှ သွားရိတ်လို့ မရတာ ဖြစ်နေတယ်။

၂၀၁၇၊ စက်တင်ဘာ ၃ ရက်မှာ ရွာကိုဝင်ပြီး ဝက်တို့ ဆန်တို့ သစ်တို့ AA အဖွဲ့က ယူသွားတာရှိတယ်။ အဲ့ဒါ ငသိုင်း ကျေးရွာက ယူသွားတာ။ သူတို့ ယူနီဖောင်းတွေနဲ့ ကို ဝင်လာတာ။ ဒေသခံတွေ ပြောတာတော့ သူတို့ လူတော်တော် များ တယ်တဲ့။ တပ်ကလည်း အခြေအနေအရ စောင့်ကြည့်နေတယ်လို့ ပြောပေမယ့် သူတို့ကိုလည်း မတွေ့ရဘူး” ဟုလည်း ဦးဝှေ့တင်း က ပြောဆိုသည်။

၂၀၁၆ ခုနှစ်အတွင်းကလည်း တပ်မတော်နှင့် AA တိုက်ပွဲများ ဖြစ်ပွားရာ ပလက်ဝမြို့နယ်အတွင်းမှ သားဖွားဆရာမ ၂ဦးကို ဖမ်းဆီးခြင်း၊ ရွာများအတွင်း ဝင်ကာ နွားနောက်များ သတ်ပြီး ၎င်းတို့ ရိက္ခာအဖြစ် ပြုလုပ်ခြင်းများ ရှိကြောင်းကို ချင်း လူမှု အဖွဲ့အစည်းများက ကြေညာချက်များ ထုတ်ပြန်ပြောဆိုခဲ့သော်လည်း AA ဘက်ကမူ တစုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိပါ။

ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တပ်မတော် စစ်ကြောင်းများက ၎င်းတို့ တပ်ဖွဲ့များရှိရာသို့ လာရောက် တိုက်ခိုက် ခြင်းဖြစ်သည်ဟု ပြောဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကမူ AA က စတင်တိုက်ခိုက်သဖြင့် ၎င်းတို့ကို ချေမှုန်းသွားမည်ဟု သဘောထား ထုတ်ပြန် ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading