ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူ ၄၀၀၀၀၀ အထိ ထွက်ပြေးကြရသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဆိုသူများကို ထောက်ခံကြရန် အယ်လ်ကိုင်ဒါအဖွဲ့က တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံကို တိုက်ခိုက်ရန် ကမ္ဘာ့အကြမ်းဖက်အဖွဲ့ အယ်လ်ကိုင်ဒါမှ ခြိမ်းခြောက်လိုက်သည်။
ဘင်္ဂလီ စစ်သွေးကြွများက နိုင်ငံအနောက်ပိုင်းမှ ရဲတပ်ဖွဲ့နှင့် စစ်စခန်းများကို သြဂုတ်လ ၂၅ ရက်နေက ချိန်ကိုက် တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်များက အပြင်းအထန် တန်ပြန် တိုက်ခိုက်ရာမှ ဒေသတွင်း မွတ်စလင်များ အလုံးအရင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ (9/11) တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သော ထို အစ္စလမ်မစ် အကြမ်းဖက်အဖွဲ့က ကမ္ဘာတဝန်းမှ မွတ်စလင်များ အနေဖြင့် မြန်မာနိုင်ငံမှ မွတ်စလင်များကို အကူအညီ၊ လက်နက်နှင့် စစ်ရေး အထောက်အကူများ ပံ့ပိုးပေးရန် တိုက်တွန်းသော ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ကျုပ်တို့ မွတ်စလင် ညီအစ်ကိုတွေကို ရိုင်းစိုင်းတဲ့ ဆက်ဆံမှုဟာ အပြစ်ကင်းလွတ် မနေသင့်ဘူး” ဟုလည်း ထို ကြေညာချက်တွင် ဖော်ပြထားသည်ဟု SITE လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။
“မြန်မာအစိုးရဟာ ကျုပ်တို့ မွတ်စလင် ညီအစ်ကိုတွေ ခံစားရတာကို ပြန်လည် ခံစားရမယ်” ဟုလည်း ဖော်ပြထားသည်ဟု ဆိုသည်။
လုံခြုံရေး တပ်ဖွဲ့များသည် ရဲ၊ စစ်တပ်နှင့် အရပ်သားများကို တိုက်ခိုက်သော အကြမ်းဖက်သမားများကို ဆန့်ကျင်သည့် တရားမျှတသော ထိုးစစ်ကို ဆင်နွဲနေသည်ဟု မြန်မာနိုင်ငံက ပြောသည်။
အစိုးရက မြို့ကြီးများတွင် ဗုံးသတိပေးချက်များ ထုတ်ပြန်ထားပြီး ယခု အယ်လ်ကိုင်ဒါ၏ ခြိမ်းခြောက်မှုကြောင့် ထို စိုးရိမ်မှု ပိုမိုမြင့်မားလာနိုင်သည်။
“မြန်မာနိုင်ငံကို သွားပြီး မွတ်စလင် ညီအစ်ကိုတွေကို ကူညီဖို့ နဲ့ ဖိနှိပ်မှုကို ခုခံဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ လေ့ကျင့် သင်တန်းပေးခြင်း ကဲ့သိုသော အရာများ၊ လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်က မူဂျာဟစ် ညီအစ်ကို တွေကို ကျနော်တို့ တောင်းဆိုပါတယ်” ဟု အယ်လ်ကိုင်ဒါက တောင်းဆိုသည်။