မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး တတိယ ၅နှစ် စီမံကိန်း၌ ကြိုတင်ကာကွယ်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်ရန် လိုကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ယမန်နေ့က ပြောကြားခဲ့သည်။
ဒေါက်တာ ဇော်မြင့်မောင်က “ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေနည်းမှု၊ သဘာ၀ ဘေးအန္တရာယ် ကျရောက်မှုသာမက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် လူကုန်ကူးမှုတွေက ဆက်ဖြစ်ပွားဆဲ ဖြစ်ပါ တယ်။ ဒါကို ပြည်သူလူထု ပါဝင်တဲ့ စုပေါင်းအားနဲ့ ကြိုတင် ကာကွယ်မှသာ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်” ဟု စက် တင်ဘာ ၁၃ရက်တွင် ကျရောက်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မန္တလေးပညာရေး ကောလိပ်၌ ပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် တတိယ ၅ နှစ်စီမံကိန်း ကာလဖြစ်ပြီး မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆိုသည့် ကဏ္ဍ ၄ ရပ် ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ၅ နှစ်စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ခဲ့ရာ ယခု တတိယ ၅ နှစ် စီမံကိန်းကာလအတွင်း အဓိက ဦးစားပေးဖြစ်သည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအဖြစ် လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲများကို ကျောင်းများနှင့် ရပ်ရွာများတွင် ပြုလုပ်ခြင်း၊ ကြိုတင် ကာကွယ်ရေးဆိုင်ရာ သုတေ သနပြုမှုများ ဆောင်ရွက်ခြင်း၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်း စသည်တို့ကို ဆက်တိုက် ပြုလုပ်သွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ၂၀၁၇ခုနှစ်မှ စတင်၍ လူကုန်ကူးခံရမှု အဆင့်သတ်မှတ်ချက်သည် အနီရောင်အဆင့် (အန္တရာယ်ရှိ သည့် အဆင့်) မှ အဝါရောင်အဆင့်သို့ လျှော့ချနိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အင်း၀ အပ်ချုပ်ဆိုင်ကဲ့သို့ အိမ်တွင်း အကြမ်း ဖက်မှု ဖြစ်စဉ်များကို ရပ်ရွာအခြေပြု အဖွဲ့အစည်းများက ဝိုင်းဝန်းဖြေရှင်းခဲ့၍ ယခုလို တိုးတက်မှုကို အသိအမှတ်ပြု ခံရခြင်းဖြစ်သည်ဟု United Nations Office on Drugs and Crime (UNODC)၏ အစီရင်ခံစာအရ သိရှိရကြောင်း World Version မှ အလယ်ပိုင်းဇုန် မန်နေဂျာ ဒေါ်နော်အယ်မရာ စံမင်းက ပြောသည်။
ထို့အပြင် စီမံကိန်းကာလအတွင်း တည်ဆဲ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများကို ခေတ်နှင့်အညီ ပြင်ဆင် ရေးဆွဲခြင်း၊ လူကုန်ကူးခံရသူများအား တိုက်ရိုက် အကူအညီပေးခြင်း၊ ၎င်းတို့အား လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး၊ ယာယီ စောင့်ရှောက်ရေး ဂေဟာများ တိုးချဲ့ခြင်းနှင့် တရားစီရင်ရေး လုပ်ငန်းစဉ် ပိုမို အား ကောင်းစေခြင်း စသည့် လုပ်ငန်းစဉ်များလည်း ဆောင်ရွက်သွားမည်ဟု သိရသည်။
Unicef Myanmar မှ တာဝန်ရှိသူတစ်ဦးက “လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ လူကုန်ကူးသူတွေရဲ့ ကျော့ကွင်းကို ဝင်ရပါတယ်။ အဲဒါကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပြည်တွင်း ငြိမ်း ချမ်းရေးဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ရာ လာမည့်နှစ်အတွင်း လူကုန်ကူးခံရသူများအား ကူညီ ထောက်ပံ့ပေးရန်နှင့် လူကုန်ကူးမှုု တိုက်ဖျက်ရေးတွင် အထောက်အကူဖြစ်စေမည့် သီးခြားရန်ပုံငွေတရပ် ထူထောင်ရန် စီစဉ်နေပြီ ဖြစ် ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မန္တလေးတိုင်းတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ သြဂုတ်လအထိ လူကုန်ကူးမှု ၃၆ မှု ဖော်ထုတ်နိုင်ခဲ့ရာ တရားခံ ၈၅ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၇၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ မှ သိရသည်။