သတင်း

ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်း ထိုင်းလူ့အခွင့်အရေး ကော်မရှင်က စတင်စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ ဘန်းချောင်းဒေသ ကျောက်မီးသွေးသတ္တုတွင်း စီမံကိန်းကြောင့် ထိခိုက် ခံစားနေရသော ဒေသခံများ၏ တိုင်ကြားမှုကို ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၁၁ ရက်တွင် ကနဦး ကြားနာ စစ်ဆေးမှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ တိုင်ကြားမှုအရ ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကြောင့် လေထု၊ ရေထုညစ်ညမ်းမှုများအပြင် ဒေသခံများ၏ စားဝတ်နေရေး ထိခိုက်မှု၊ စိုက်ပျိုးမြေများ မတရား သိမ်းယူခံရမှုများနှင့် ဒေသခံများ အသုံးပြုသည့် ရေအရင်းအမြစ်များ ညစ်ညမ်းမှုတို့ကြောင့် လူမှုဘဝ ထိခိုက်လျက်ရှိကြောင်း သိရသည်။

ကြားနာ စစ်ဆေးပွဲသို့ တိုင်ကြားသူ ဒေသခံများဘက်မှ ကိုယ်စားလှယ်များ၊ တိုင်ကြားခံရသည့် ကုမ္ပဏီများကို ဆင့်ခေါ် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်ကြားစာကို ဒေသခံ ရွာသူ ရွာသား ၁၃၅ ဦးက လက်မှတ်ရေးထိုးပြီး ၂၀၁၇ ဇွန်လ ၂၀တွင် ကော်မရှင်သို့ ပေးပို့ခဲ့ကြောင်း ထားဝယ်အခြေစိုက် တာကပေါ လူငယ်အဖွဲ့မှ နော်ပီသလောက ဧရာဝတီကို ပြောသည်။

“ဒီဘန်းချောင်း ကျောက်မီးသွေးက အောက်ခြေမှာ ထိုင်းကုမ္ပဏီက လာရောက်တူးဖော်တာဖြစ်တဲ့အတွက် သူ့ကြောင့် ထိခိုက်မှုတွေကို ရွာသူ ရွာသားတွေက ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တိုက်ရိုက် တိုင်ကြားတာဖြစ်တယ်။ သူတို့ ကြားနာစစ်ဆေးမှု စလုပ်နေပြီ။ ကွင်းဆင်းဖို့ဟာကျတော့ မြန်မာနိုုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး ကော်မရှင်ကို အကြောင်း ကြားပြီးတော့မှ ကွင်းဆင်းဖို့ရှိတယ်။ ကွင်းဆင်းပြီးရင်တော့ အစီရင်ခံစာ ပြန်ရေးပြီးတဲ့အခါ ထိုင်းအစိုးရကို ပြန်တင်ပြ သွားမယ်လို့သိရတယ်” ဟု၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက ယခုနှစ်ဆန်းပိုင်းတွင် ဒေသခံများ၏ တိုင်ကြားမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ္တုတွင်းမှ ရေဆိုးများကို ဘန်းချောင်းထဲသို့ စွန့်ပစ်ခြင်း၊ ကျောက်မီးသွေးများ မီးလောင်နေမှုကြောင့် အနံ့ဆိုးများ ထွက်ပေါ်နေခြင်းများကို တွေ့ခဲ့ရသည့််အတွက် လက်ရှိတွင် လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းခံထားရကြောင်း ပြောသည်။

ထို့အပြင် ဘန်းချောင်းဒေသတွင် နေထိုင်သည့် ဒေသခံလူထုသည် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် လူနေမှုဘဝ ရရှိရေး အပါအဝင် များစွာသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကြုံတွေ့နေရသကဲ့သို့ ကျောက်မီးသွေးတွင်းမှ ထွက်လာသော စွန့်ပစ်မြေစာ လောင်ကျွမ်းပြီး အနံ့ဆိုးများ ထွက်ပေါ်နေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများလည်း ဖြစ်ပေါ်လျက် ရှိသည်ဟု ဆိုသည်။

ကြားနာစစ်ဆေးပွဲသို့ တက်ရောက်ခဲ့သည့် ကွမ်းချောင်းကြီးကျေးရွာမှ လူထုကိုယ်စားလှယ် နော်အေးပိုက “ကျောက်မီးသွေးတွေ မီးထထလောင်နေလို့ ဆိုးဆိုးရွားရွား ခံစားနေရတာကို ကုမ္ပဏီကလည်း မဖြေရှင်းပေးနိုင်ဘူးဆိုတာ သိရပြီ။ ဒါက ကျမတို့ဘဝတွေကို ဘယ်လိုမှ ဆက်ပြီး သည်းမခံနိုင်အောင် လုပ်နေတာပဲ။ ဒီကျောက်မီးသွေးပုံကြီး ဒီလိုပဲ အမြဲတမ်း မီးလောင်နေမှာကို တကယ်ပဲ ကြောက်လှပါတယ်”

“ထိုင်း လူ့အခွင့်အရေး ကော်မရှင်က ဒီစီမံကိန်းကို လာရောက် စစ်ဆေးပြီး ထိုင်းနိုင်ငံကုမ္ပဏီတွေ မြန်မာနိုင်ငံက ဒေသခံ တွေအပေါ်မှာလူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မံမပြုလုပ်ဖို့ သေချာအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါ တယ်” ပြောသည်။

ဘန်းချောင်း ကျောက်မီးသွေး သတ္တုတွင်းစီမံကိန်း လုပ်ကိုင်ခွင့်ကို မြန်မာမေဖလားဝါးကုမ္ပဏီက ၂၀၁၀ ခုနှစ်တွင် ရရှိခဲ့ပြီး မြေပြင်တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းကို ထိုင်းနိုင်ငံပိုင် ကုမ္ပဏီ ၃ ခုဖြစ်သည့် Energy Earth PCL ၊ East Star Company နှင့် Thai Asset Mining Company တို့က၂၀၁၂ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း နော်ပီသလောက ရှင်းပြ သည်။

ဘန်းချောင်း ကျောက်မီးသွေးသတ္တုတွင်း စီမံကိန်းသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၂၂ ရွာ၊ လူဦးရေ ၁၆၀၀၀ ကျော် နေထိုင်နေသော ဘန်းချောင်းဒေသကို ထိခိုက်နေပြီး ဒေသခံ လူထုကလည်း ယနေ့အချိန်တွင် စီမံကိန်းလုံးဝ ရပ်ဆိုင်းရန် တောင်းဆိုနေကြပြီဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading