ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဖွဲ့တခုသည် လာမည့် အပတ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသသို့ ကွင်းဆင်း လေ့လာမှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးထင်ကျော် ဖွဲ့စည်းပေးထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီသည် ယနေ့ နေပြည်တော်တွင် ပထမဆုံး အစည်းအဝေးကို ကျင်းပခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ပြန်ကြားရေး ဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောသည်။
“မစ္စတာ ကိုဖီအာနန်ရဲ့ အကြံပေးချက်အပေါ်မှာ ဆောင်ရွက်မယ့် အစီအမံတွေနဲ့ ဘယ်လုပ်ငန်း ကဏ္ဍတွေကိုတော့ ဘယ်ဝန်ကြီးဌာနနဲ့ ဘယ်သူတွေ ပေါင်းလုပ်မလဲဆိုတာ စီမံချက်ရေးမယ်။ အဲဒီလို စီမံချက် ရေးနိုင်ဖို့အတွက်ကို လက်ရှိ ရှိနေတဲ့ အချက်အလက် တွေနဲ့ ရှေ့တပတ်ဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားပြီးတော့ လေ့လာမယ်”ဟု ၎င်းက ဆိုသည်။
ကိုဖီအာနန်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြုချက် ၈၀ ကျော် ပါဝင်ပြီး သာမာန်အားဖြင့် ကဏ္ဍ ၁၀ ခု ရှိကြောင်း၊ ယင်းကဏ္ဍ ၁၀ ခုကို ကော်မတီ အနေဖြင့် မည်သို့ အကောင်အထည် ဖော်နိုင်မည်ကို ဆွေးနွေးကြကြောင်း၊ အကောင်အထည် ဖော်ရာတွင် လက်ရှိ အကြံပြုချက်များထဲမှ ပကတိ အခြေအနေနှင့် ထင်ဟပ်မည့် ကိစ္စများ၊ နယ်မြေဒေသအတွက် ထိထိရောက်ရောက် အကျိုးရှိမည့် ကိစ္စရပ်များကို စတင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ရေတို အစီအမံနဲ့ လုပ်လို့ရတာကို ရေတိုနဲ့လုပ်မယ်။ ရေရှည် အစီအမံနဲ့ လုပ်လို့ရတာကို ရေရှည် လုပ်မယ်။ တချို့ဟာကို ကာလ လတ် သတ်မှတ်ပြီး လုပ်မယ်။ အဲဒီလို လုပ်တဲ့အခါ ဒီမှာရှိတဲ့ စာရင်းဇယားကို အခြေခံပြီးတော့ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေကို ကွင်းဆင်းပြီး လေ့လာမယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်လို့ ရတာတွေကို ဆက်လုပ်မယ်ဆိုပြီး ဆွေးနွေးကြပါ တယ်”ဟု ပြန်ကြားရေး အရာရှိ ဦးမျိုးမြင့်မောင်က ပြောသည်။
ကော်မတီ အစည်းအဝေးတွင် ယင်းဒေသ အခြေအနေအရ နိုင်ငံသား စိစစ်မှု လုပ်ငန်းများကို မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်ရေး ကိစ္စ ရပ်များ တင်ပြခဲ့ပြီး ကော်မရှင် အစီရင်ခံစာကို ဝိုင်းဝန်ပြီး အကောင်အထည် ဖော်ရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လုပ်ရမည့် ကိစ္စရပ်များကို ပြီးစီးအောင် စလုပ်ရမည့် သဘောရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။
ဦးမြင့်ကြိုင်က“နိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် စိစစ်လို့ရအောင် ကျနော်တို့ဘက်က စိစစ်ခွင့်ရရင် လူ၊ ပစ္စည်း ကိရိယာ အဆင်သင့်ပဲ။ အရင်တုန်းကတော့ သူတို့ဆီက အုပ်ချုပ်ရေးမှူးတွေ၊ ရွာတာဝန်ခံတွေက ဦးစီး ဦးဆောင် လုပ် ပေးတာ။ အဲဒီလူတွေကိုလည်း အကြမ်းဖက်သမားတွေက သတ်သွားတော့ ကျန်တဲ့လူတွေက ကြောက်ပြီး ဘယ်သူမှ မလုပ်ရဲကြ တော့ဘူး”ဟု ပြောသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ မည်သည့် အထောက်အထားမှ မရှိသူများကို NVC ကတ် ကိုင်ဆောင်ရမည် ဖြစ်ပြီး ယင်းကတ် ကိုင်ဆောင်သူများကိုသာ နိုင်ငံသားအဖြစ် စတင်စိစစ်၍ နိုင်ငံသားအဖြစ် လက်ခံရန် သင့်၊ မသင့် ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
“NVC ကတ်ကိုင်မှ နိုင်ငံသား ဖြစ်ခွင့်ရမှာပါ။ နိုင်ငံသား မြန်မြန်ဆန်ဆန် ဖြစ်ခွင့်ရဖို့ NVC ကတ်ကိုင်ဖို့ လိုပါတယ်။ အခက်အခဲ ဖြစ်နေတာကလည်း NVC ကတ် မကိုင်ချင်တဲ့ ပြဿနာပဲ။ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တဖက်အဖွဲ့အ စည်းတွေရဲ့ သွေးထိုး လှုံ့ဆော်မှု တွေကြောင့် NVC ကတ်ကိုင်ရင် ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့မယ်လို့ သူတို့က ထင်နေတယ်”ဟု လဝက အရာရှိ ဦးမြင့်ကြိုင်က ပြောသည်။
ရခိုင်အရေးကို ကော်မတီအနေဖြင့် ချည်းကပ်ရာတွင် ကိစ္စရပ်အားလုံးကို တခုပြီးမှ တခု လုပ်ရမည့် အပိုင်း ရှိသလို ပြိုင်တူ လုပ် ဆောင်ရမည့် အပိုင်းများလည်း ရှိကြောင်း၊ ကော်မတီရုံးခန်းကိုလည်း သီးခြားဖွင့်လှစ်၍ ကော်မတီဝင်များကြားတွင် အချင်းချင်း အမြန်ဆက်သွယ်နိုင်မည့် ကွန်ရက်တခု တည်ဆောင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ ပြန်လည် ထူထောင်ရေး၊ အခြေခံ အဆောက်အဦ၊ လမ်း၊ တံတားများ တည်ဆောက်ရေးတို့ကို ဆက်တိုက် ဆောင်ရွက်မည် ဖြစ်ပြီး ကွင်းဆင်း လေ့လာမှုပေါ်တွင် မူတည်၍ ဆုံးဖြတ်ချက်များ ချမှတ်မည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောသည်
“အခု လောလောဆယ် လိုအပ်နေတဲ့ ဥစ္စာ၊ ထိထိရောက် ရောက် အကျိုးပြုနိုင်မယ့် ဥစ္စာတွေကို ဆန်းစစ်ပြီးတော့ ဘယ်ဟာက တော့ ပထမ ဦးစားပေး၊ ဘယ်ဟာကတော့ ဒုတိယ ဦးစားပေး စသည့်ဖြင့် စိစစ်မယ့် သဘောပါပဲ။ ကျနော်တို့အဖွဲ့က မစ္စတာ ကိုဖီ အာနန် ရဲ့ အပြီးသတ် အကြံပြုချက်တွေ အပေါ်မှာ အဓိကထားပြီး လုပ်မှာ။ တဖက်မှာ အတိုင်ပင်ခံ ဦးဆောင်ပြီး လုပ်နေတဲ့ ကေ်ာမတီကြီး တခုလည်း ရှိတယ်။ တချို့တူတာတွေကို တွဲလုပ်မယ်။ သီးခြားစီ လုပ်ရမှာတွေလည်း ရှိမယ်”ဟု ပြန်ကြားရေး ဝန်ကြီး ဌာနမှ ဦးမျိုးမြင့်မောင်က ပြောဆိုခဲ့သည်။
ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို ဆောင် ရွက်ရမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ အဖြစ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဦးဆောင်ပြီး အဖွဲ့ဝင် ၁၇ ဦးပါဝင်သည်။
ယင်းကော်မတီကို သမ္မတ ဦးထင်ကျော်၏ အမိန့်ဖြင့် စက်တင် ဘာလ ၁၂ ရက်နေ့က ဖွဲ့စည်းပေးလိုက်ပြီးနောက် ၁၄ ရက်နေ့တွင် အစည်းအဝေးများကို ချက်ချင်းစတင် ကျင်းပခဲ့သည်။
မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အ ပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ”တွင် ဒေါက်တာ ဝင်းမြတ်အေးက ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ပူးတွဲ ဥက္ကဋ္ဌ တာဝန်ပေးထားသည်။
အထက်ပါ ကော်မတီတွင် ရခိုင်အရေးကို အဓိက တာဝန်ယူ ဖြေရှင်းနေသည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်မှာ ဒုတိယ ဥက္ကဋ္ဌ တာဝန် ယူထားပြီး ပြည်ထဲရေး၊ ပြည်ထဲရေး၊ သာသနာရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်းမြောင်း၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားနှင့် ဆောင်လုပ်ရေး ဝန်ကြီးဌာနတို့မှ အမြဲတန်း အတွင်းဝန်များကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးထားသည်။
သမ္မတရုံးဝန်ကြီးဌာနမှ စီမံရေးနှင့် ဘဏ္ဍာရေး ဌာနကြီး ညွှန်ချုပ်ကိုလည်း အဖွဲ့ဝင်အဖြစ် တာဝန်ပေးထားပြီး အတွင်းရေးမှူး အဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးမှ အမြဲတန်း အတွင်းဝန် ဦးစိုးအောင်ကို တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားကြောင်း သိရသည်။