မြန်မာနိုင်ငံ၏ ကက်သလစ် သာသနာပိုင် ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ဒေါ်အောင်ဆန်းစုကြည် ရပ်တည်နေရသည့် အနေအထားနှင့် မြန်မာ့နိုင်ငံရေး အခြေအနေကို နားလည် ကြရန် တိုက်တွန်း လိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည် ဟာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရတယ်။ အခုတောင်မှပဲ အမိုက်မှောင် ဂိုဏ်းတွေက စစ်အုပ်ချုပ်ရေးဆီကို ပြန်သွားဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြပြီ” ဟုလည်း သာသနာပိုင် ဂိုဏ်ချုပ် ဘုန်းတော်ကြီးက ဆိုသည်။
ရခိုင်ပြည်နယ်မှ ထွက်ပြေးနေကြသော မွတ်စလင်များသည် ကြီးစွာသော ဒုက္ခများကို ခံစားနေရကြောင်း ရန်ကုန်ရှိ ကက်သလစ် သာသနာပိုင်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်စ်ဘိုက ပြောကြားလိုက်ပြီး အစိုးရက ကြားဝင် ဆောင်ရွက်ပေးရန် တောင်းဆိုသူများတွင် ပါဝင်လာခဲ့သည်။
သာသနာပိုင် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်စ်ဘို ကို မြန်မာနိုင်ငံ၏ ကက်သလစ်ဂိုဏ်းချုပ် အဖြစ် ၂၀၁၅ ခုနှစ်တွင် ခန့်အပ်ခဲ့ပြီး သူသည် ပုပ်ရဟန်းမင်း အဖြစ် အရွေးချယ်ခံရသော ကက်သလစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီးများ ကောလိပ် (Catholic College of Cardinals) တွင် ပါဝင်သည့် မြန်မာနိုင်ငံမှ ပထမဆုံးသော ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖြစ်လာသည်။
နှစ်ပေါင်းများစွာ ကြာသော အခွင့်အရေးချိုးဖေါက်မှုများနှင့် လျစ်လျူရှုများကြောင့် ရိုဟင်ဂျာများ၏ ကံကြမ္မာ ပိုမိုဆိုးရွားလာသည် ဟု သူက ပြောသည်။
“တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည် ကို သူ ဒီမိုကရေစီတိုက်ပွဲဝင်တုန်းက ရှုထောင့်ကနေပဲ ကြည့်နေကြတယ်။ အခုတော့ သူဟာ အစိုးရမှာ ပါဝင်နေပြီ။ သူဟာ နိုင်ငံရေးခေါင်းဆောင် တယောက် ဖြစ်တယ်။ သေချာတာပေါ့၊ သူ ထုတ်ပြောရမယ်” ဟု သာသနာပိုင် ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ပြောကြောင်း christiantoday.com အွန်လိုင်းသတင်းတပုဒ်တွင် ဖော်ပြထားသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်တခု အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည် ဟု သူက ရှင်းပြသည်။
“ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းပယ်တာနဲ့ မီဒီယာက တဆင့် တိုက်ခိုက်တာဟာ ရေရှည်အတွက် အဖြေမရနိုင်ဘူး” ဟုလည်း သူက ပြောသည်။
“ခြေတလှမ်း မှားတာနဲ့ သူဟာ အစိုးရ မဟုတ်တော့ဘဲ မြန်မာ့ဒီမိုကရေစီ အိပ်မက်လည်း နိဂုံးချုပ်သွားမယ်။ မြန်မာ့ သမိုင်းမှာ တပ်မတော်က ဒီမိုကရေစီကို ၃ ခါပြန် သိမ်းသွားခဲ့ဖူးတာကို အမြဲသတိရနေသင့်တယ်” ဟုလည်း ဘုန်းတော်ကြီးက ဆိုသည်။
“ဒီ အခြေအနေမှာ မွတ်စလင် အသိုင်းအဝန်းကို လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ဘူးလို့ ယူဆသင့်ပါတယ်” ဟုလည်း သူက ပြောသည်။
“အရေးကြီးတာက ဒေသတွင်းက တင်းမာမှုတွေနဲ့ ဒေါသတွေကို လျှော့ချဖို့၊ ဘယ်ဘက်ကိုမှ မထိခိုက်တဲ့ စကားကို သုံးဖို့ ပါ” ဟုလည်း သူက ပြောသည်။
ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှု ဟု စွပ်စွဲခဲ့ပြီးနောက် ရခိုင်ပြဿနာကို ဆွေးနွေးမည့် ကုလသမဂ္ဂ ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မပြုနိုင်သည့် အချိန်တွင်း ကက်သလစ် အာဏာပိုင် ဂိုဏ်းချုပ် ဘုန်းတော်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်သွေးကြွအုပ်စု ARSA သည် သြဂုတ်လက ရဲကင်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တဒါဇင်ခန့် သေဆုံးစေကာ ပြင်းထန်သော တန်ပြန်ခြေမှုန်းမှုများ ဖြစ်ပေါ်စေခဲ့သည်။
သီတင်းသုံးပတ် မပြည့်မီ လူပေါင် ၃၁၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့ပြီး အများအပြားမှာ နယ်စပ်တွင် ပိတ်မိနေကြသည်။ မြေမြှုပ်မိုင်းများကိုလည်း တပ်မတော်က နယ်စပ်တွင် ထောင်ထားသည် ဟု စွပ်စွဲချက်များလည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော် အခြေပြမိန့်ခွန်းကို စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့ တွင် ပြောကြားမည် ဟု သိရသည်။