သတင်း

ကုလသမဂ္ဂ အကြီးအကဲ၏ ရခိုင်အရေး ပြောဆိုမှုကို မြန်မာကိုယ်စားလှယ် ကန့်ကွက်

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေအနေနှင့် ပတ်သက်၍ လူမျိုးရေး သုတ်သင်ရှင်းလင်းမှု ပြုလုပ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇိဒ် ရာအက် အယ်ဟူစိန်၏ စကားလုံး အသုံးအနှုန်းအပေါ် မြန်မာအစိုးရဘက်က တန်ပြန်ကန့်ကွက် လိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၏ ထိုအသုံးအနှုန်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် သံအမတ် ဦးထင်လင်းက စက်တင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃၆ ကြိမ်မြောက် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားစဉ် ယင်းသို့ ကန့်ကွက်ပြောကြားခဲ့ခြင်းဖြစ်သည်။

သံအမတ် ဦးထင်လင်း က“လူသားမျိုးနွယ် အပေါ် ပြစ်မှုကျူးလွန်းမှု၊ လူမျိုးရေး သတ်ဖြတ်သုတ်သင်မှု ဆိုတဲ့ စကားလုံးတွေဟာ အရမ်းပြင်းထန်တဲ့ အဓိပ္ပာယ် သက်ရောက်မှု ဖြစ်စေတယ်၊ ဒီလို အသုံးအနှုန်းကို ဥပဒေအရ၊ တရားစီရင်ရေးအရ ဆုံးဖြတ် ချက်တွေ အပေါ် အခြေခံပြီး တာဝန်အရှိဆုံး ပုံစံနဲ့သာ ပြောဆိုရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဆိုသူများအပေါ် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများ ရပ်စဲရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲသည် တနင်္လာနေ့က မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပြီး ထိုလုပ်ရပ်သည် “ဖတ်စာအုပ်များတွင် ဥပမာ အဖြစ်ထည့်သွင်းရမည့် လူမျိုးရေး သုတ်သင်သတ်ဖြတ်မှု” ဖြစ်သည် ဟု ပြောခဲ့သည်။

မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေသော သွေးထွက်သံယို ဖြစ်ရပ်များနှင့် ပတ်သက်၍ အကြမ်းဖက် လက်နက်ကိုင်များ အပေါ် ပြစ်တင်ပြောဆိုခဲ့ပြီး ထိုကဲ့သို့ လက်နက်ကိုင် အကြမ်းဖက်မှုများကို မြန်မာအစိုးရအနေဖြင့် သည်းခံမည်မဟုတ်ကြောင်း ဦးထင်လင်း က ဆိုသည်။

“ခိုင်လုံတဲ့ အထောက်အထား မရှိဘဲ ဒီလို စကားလုံးကို မဆင်မခြင်ပြောတာဟာ လူ့အခွင့်အရေး ကောင်စီအပေါ် ယုံကြည်မှုကို ပျက်ယွင်းစေပြီး လက်တွေ့ အခြေအနေကို မီးလောင်ရာ လေပင့် ဖြစ်စေသလို သက်ဆိုင်ရာ အသိုင်းအဝန်းတွေ ကြားမှာ ပိုမို ဝေးကွာစေတဲ့ အပြင် နိုင်ငံတကာ အသိုင်းအဝန်းကိုလည်း နားလည်မှု လွဲမှား စေတယ်” ဟု သူက ပြောသည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက် အရ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသူ ၄၀၀၀၀၀ ခန့် ရှိပြီး ဦးထင်လင်း၏ အဆိုအရ ၎င်းတို့သည် လုံခြုံရေး တပ်များ၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကြောင့် မဟုတ်ဘဲ ARSA အကြမ်းဖက် အဖွဲ့ကို ကြောက်လန့်သောကြောင့် ထွက်ပြေးသည် ဟု သိရသည်။

ARSA အဖွဲ့သည် လွန်ခဲ့သော လက ရဲကင်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအစိုးရ၏ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်း ခံခဲ့ရသည်။

“ARSA အကြမ်းဖက် အဖွဲ့ဟာ တတိယနိုင်ငံတခုမှာ သူတို့ကို ပြန်လည် နေရာချထားပေးမယ် ဆိုတဲ့ မှားယွင်းတဲ့ မျှော်လင့်ချက်ကို ပေးပြီး ဒီလူတွေ ထွက်သွားအောင် လုပ်နေတယ်” ဟု သူက ပြောသည်။

ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရ၏ ကတိကဝတ်ကိုလည်း ဦးထင်လင်းက ထပ်မံအတည်ပြု ပြောကြားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Myanmar UN Rep Objects to UN Chief’s Terms for Rakhine Issue ကို ဘာသာပြန်သည်။)

Loading