သတင်း

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကျေနပ်အားရခြင်း မရှိဟု RCSS ဥက္ကဋ္ဌ ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် ကျေနပ်အားရခြင်း မရှိသေးကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် သတင်းမီဒီယာများ နှင့် တွေ့ဆုံစဉ် RCSS ဥက္ကဋ္ဌ က ပြောခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို အားရကျေနပ်မှုရှိလားဆို ကျေနပ်အားရမှုတော့ မရှိပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ ရှိနေတဲ့ အခက်အခဲတွေကိုလည်း ကျနော်တို့ နားလည်ပါတယ်။ တိုးတက်မှု ပိုင်း လည်း ရှိပါတယ်။ အဲဒါကတော့ ဒီမိုကရေစီ အစိုးရ ဖြစ်တာရယ်၊ အပြည်ပြည် ဆိုင်ရာ နိုင်ငံတကာက ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အင်တိုက် အားတိုက် ကူညီချင်လာကြတယ်”ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပြည်သူလူထု မျှော်လင့်ထားသလို တောင်းတနေသည့်အတိုင်း ဖြစ်လာနိုင်ရန် အခက် အခဲ များ ရှိနေသေးကြောင်း၊ အချိန်ယူ၍ တဖြည်းဖြည်း လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ မီဒီယာ နှင့် ပြည်သူလူထု ၏ ပါဝင်မှုအားက အင်မတန်မှ အရေးကြီးကြောင်းလည်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် အမြင် သဘောထားများ မတူညီဘဲ ဖြစ်နေကြောင်း တပ်မတော် ဘက် က ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရင် လက်နက်ဖြုတ်သိမ်းရန် ပြောဆိုနေပြီး မိမိတို့ ဘက်ကမူ တရား မျှတမှု ရှိရ မည်၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်ပြီးနိုင်မှသာ လက်နက် ဖြုတ် သိမ်း ရေး ကိစ္စများကို ဆွေးနွေးလိုကြောင်း RCSS ဥက္ကဋ္ဌ က ဆို သည်။

RCSS/SSA သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကို ၂၀၁၂ ခုနှစ်က လက်မှတ် ရေးထိုး ခဲ့ပြီးနောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)အား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် က တခြားသော လက်နက်ကိုင် ၇ ဖွဲ့ နှင့် အတူတကွ ပူးပေါင်း လက်မှတ် ထိုးထားသော အဖွဲ့ ဖြစ်သည်။

သို့သော် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် NCA ထိုးပြီးနောက်ပိုင်း တပ်မတော်နှင့် RCSS ကြား တိုက်ပွဲ အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားလျက်ရှိပြီး NCA ချိုးဖောက်မှုရှိသည်ဟု အပြန်အလှန် စွပ်စွဲပြောဆို နေကြသည်။

အလားတူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (လူမျိုးအလိုက်)ကို RCSS/SSA ဘက်မှ ရှမ်းပြည်နယ်၊ တောင်ကြီး သို့မဟုတ် ပင်လုံတွင် ကျင်းပခွင့်ပြုရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ထံ တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ သဘောတူညီချက် မရသေးဘဲ ဖြစ်နေကြောင်း သိရ သည်။

“ကျနော်တို့ တောင်ကြီး သို့မဟုတ် ပင်လုံမှာ လုပ်ခွင့်ပေးဖို့ တောင်းဆိုထားတယ်။ ဒါပေမယ့် တပ်မတော်က ခိုလမ်နဲ့ မိုင်းပန်မှာ ကျင်းပဖို့ သဘောထား ပေးလာတယ်။ ကျနော်တို့လည်း မေးခွန်း ထုတ်ခဲ့ပါတယ်။ ဘာကြောင့် ကျနော်တို့ တောင်းဆိုတဲ့ နေရာမှာ ကျင်းပခွင့်မပြုရတာလဲ ဆိုတာ ဒီအပေါ် တိကျတဲ့အဖြေတော့ မရသေးပါဘူး”ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး ယွက်စစ် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) အစည်းအဝေး ကျင်းပမှုများလည်း တားဆီး ပိတ်ပင်ခံနေရခြင်းကြောင့် အစိုးရနှင့် RCSS ကြား ယုံကြည်မှု လျော့နည်းလာကြောင်းလည်း ရှမ်း နိုင်ငံရေး အသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။

စက်တင်ဘာ ၁၁ ရက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသေးသည်။

အလားတူ စက်တင်ဘာ ၁၁ ရက် တွင်ပင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံကာ စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေးနှင့် စစ်ရေး ပဋိပက္ခများ ဖြေလျှော့နိုင်ရေး ဆွေးနွေးခဲ့ကြကာ ပြဿနာ တစုံတရာ ပေါ်ပေါက်ပါက ဆက်ဆံရေး ရုံးများကတဆင့် ဖြေရှင်းဆောင်ရွက်ရန် သဘောထားများ ရရှိခဲ့ကြကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading