ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် အမျိုးသား ၃ ဦးကို သတ်သည့် အမှုဖြင့် အရာရှိများ ပါဝင်သည့် တပ်မတော်သား ၆ ဦးကို စစ်ခုံရုံးတွင် စစ်ဆေးရာ တပ်မတော်ဘက်မှ ပွင့်လင်း မြင်သာမှု ရှိစေရန်ဟုဆိုကာ စစ်ရှောင်များကို ကူညီနေသည့် ကချင်အရပ်ဘက်အဖွဲ့အစည်းများကို လာရောက် နားထောင်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
အမှုကို မန်စီမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၁၉ အတွင်းရှိ စစ်ခုံရုံးတွင် စက်တင်ဘာလ ၁၅ ရက်က စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးခံနေရသူများမှာ ခမရ ၃၁၉ မှ တပ်ရင်းမှူး၊ ဒုဗိုလ်ကြီး၊ ဒုတပ်ကြပ်တို့ အပါအဝင် တပ်မတော်သား ၆ ဦး ဖြစ်သည်ဟု စစ်ခုံရုံးသို့ သွားရောက်နားထောင်ခဲ့သူများက ဧရာဝတီကို ပြောသည်။
စစ်ခုံရုံးသို့ သွားရောက်နားထောင်ခဲ့သူ တဦးဖြစ်သည့် ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ် (KBC) မှ ဦးလဂျာ က “ဒီနေ့ အမိန့်ချမယ်ဆိုပြီး ခေါ်လို့ ကျနော်တို့က သွားတာ။ အမိန့်မချဘူး၊ အမှုပြန်လည်စစ်တာပါ။ အရင်တုန်းကတော့ တရားလိုသက်သေတွေကိုပဲ ခေါ်တယ်။ အခု သူတို့အသုံးအနှုန်းက ပွင့်လင်းမြင်သာမှုရှိ အောင်လို့ ဆိုပြီးပြောတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကို ခေါ်တယ်။ မီဒီယာတဦး ဝင်ခွင့်ပြုတယ်။ သတင်းယူခွင့်တော့ မပြုဘူး။ နားထောင်ခွင့်ပေးပါတယ်” ဟု ပြောသည်။
စစ်ခုံရုံးတွင် ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ်(KBC) ၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း နှင့် ကရုဏာလူမှု စည်းလုံး ညီညွတ်ရေး အသင်း (KMSS) မှ ၁၀ ဦး လာရောက် နားထောင်ကြသည်ဟု သိရသည်။
ဦးလဂျာက “အမှုအသွားအလာကတော့ အားကောင်းတယ်။ ၅ ယောက်က အပြစ်ဝန်ခံတယ်။ တပ်ရင်းမှူး အကြီးဆုံးကတော့ ပြန်လည်ချေပနေတဲ့ အနေအထားမှာ ရှိတယ်။ သူတို့က လမ်းမှာ တွေ့လို့ လုံခြုံရေးအရ ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ တပ်သားက ပစ်မိသွားလို့ အမှုက ဖြစ်လာတာလို့ ပြောနေတဲ့ ပုံစံရှိပါတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်း အရပ်သားများနှင့် တပ်မတော်သားအချို့အကြား ဖြစ်ပွားသည့် အမှုများကို စစ်ဆေး ရာ၌ အရပ်ဘက်အဖွဲ့အစည်းများကို လာရောက်နားထောင်ခွင့်ပြုသည်မှာ ယခုအခါသည် ပထမဆုံး အကြိမ် ဖြစ်သည်ဟုလည်း ဦးလဂျာက ပြောသည်။
စစ်ဘေးရှောင် ၃ဦး အသတ်ခံရသည့် အမှုကို ကူညီပေးနေသည့် ရှေ့နေဦးခွန်နောင်ကလည်း “ စစ်ဆေးခံ နေရတဲ့ တပ်မတော်သား ၆ ဦးမှာ ၄ ဦးက အရာရှိတွေပါ။ ကျန် ၂ ဦးက တခြားအဆင့်တွေ ဖြစ်တယ်။ သူတို့ထဲမှာ ၅ ဦးက ဝန်ခံတဲ့ အခြေအနေရှိတယ်လို့ ကျနော်တို့ သိရပါတယ်” ဟု ပြောသည်။
အသတ်ခံထားရသည့် စစ်ဘေးရှောင်ဒုက္ခသည် အမျိုးသား ၃ ဦးမှာ အသက် ၂၂ နှစ် အရွယ် မရန် ဘရန်ဆိုင်း၊ အသက် ၂၇ နှစ်ရှိ လဗျနော်ခွန်နှင့် အသက် ၃၁ နှစ်အရွယ် အင်ခွန်ဂမ်အောင်တို့ ဖြစ်သည်။
၎င်းတို့သည် မေလ ၂၅ ရက်တွင် မိုင်းခေါင်ရွာနှင့် ၄ မိုင်ခန့် ဝေးသည့် နေရာ၌ နေ့စားခဖြင့် ထင်းသယ်သည့် အလုပ်ကို သွားလုပ်ရာ လမ်းတွင် တပ်မတော်၊ စစ်ကြောင်းများမှ ဖမ်းဆီးလိုက်ပြီးနောက် အသတ်ခံရကာ အလောင်းကိုလည်း မြေမြှုပ်ဖျောက်ဖျက်ခံခဲ့ရခြင်း ဖြစ်သည်။
မိသားစုဝင်များနှင့် စစ်ရှောင်စခန်းတာဝန်ခံများက မေလ ၂၈ ရက်တွင် လိုက်လံရှာဖွေရာ မြေမြှုပ်ထားသည့် အလောင်းများကို ပြန်လည်တူးဖော်ပြီး ဗန်းမော်မြို့၊ ရင်ခွဲရုံသို့ ပို့ကာ ဆေးစစ်ချက်များ ယူပြီး မန်စီမြို့ ရဲစခန်းတွင် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ဆေးစစ်ချက်တွင် မရန်ဘရန်ဆိုင်းမှာ ဓားဒဏ်ရာများ၊ ရိုက်နှက်ခံထားရသဖြင့် မျက်လုံးများ ချိုင့်ဝင် နေကာ မျက်ခုံး စုတ်ပြဲဒဏ်ရာ ရရှိပြီး ဦးခေါင်းကြေမွကာ ရင်ညွှန့်တည့်တည့်တွင် ၈ စင်တီမီတာခန့် သေနတ် ဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင်တွင် အချင်း ၄ စင်တီမီတာခန့် ကျည်ထွက်ဒဏ်ရာ ၁ချက်တို့ ရရှိထားသည်ဟု ဖော်ပြထားသည်။
လဗျနော်ခွန်မှာ ဓားဒဏ်ရာများအပြင် ရိုက်နှက်ခံဒဏ်ရာဖြင့် ဦးခေါင်းတခုလုံး ကြေမွ၊ ဝဲနားရွက်ကို ၂ လက်မခန့် ဖြတ်တောက်ခံထားရပြီး အင်ခွန်ဂမ်အောင်မှာလည်း ဒူးနှစ်ဘက်လုံးတွင် ဓားဒဏ်ရာ ၅ ချက်စီ တွေ့သည့်အပြင် ယာညှပ်ရိုးအောက်တွင် ကျည်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျော ဝဲလက်ပြင်တွင် ကျည်ထွက်ဒဏ်ရာတို့ ရှိကြောင်း ဆေးစစ်ချက်တွင် ဖော်ပြထားသည်။
အသတ်ခံရသည့် ၃ ဦးအနက် ၁ ဦးသည် ကလေး ၂ ဦး၏ ဖခင်ဖြစ်ပြီး ဇနီး၌ ကိုယ်ဝန်ကျန်ရှိခဲ့ကာ ကျန် ၂ ဦးမှာလည်း ကလေးတဦးစီ၏ ဖခင်များ ဖြစ်သည်။
ထိုအမှုဖြစ်ပွားပြီး မေလ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးကလည်း စစ်ရှောင် ၃ ဦး အသတ်ခံရသည့် အမှု၌ တပ်မတော်သားများ ပါဝင်နေခြင်း ရှိ၊ မရှိကို စုံစမ်း စစ်ဆေးဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထား သည်။
မန်စီမြို့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်ကလည်း “ဒီကိစ္စကို တပ်မတော်က စစ်ဘက်ဆိုင်ရာကနေ အရေးယူနေပါတယ်။ စစ်ခုံရုံးမှာ စစ်နေတယ်။ စစ်ဘက် ဆိုင်ရာက ပုဒ်မတွေကတော့ ကျနော်တို့ ရဲဘက်က မသိပါဘူး။ ဒါပေမယ့် လက်ရှိ တပ်ဘက်ကပဲ ဒီအမှုကို ဆက်လက် အရေးယူသွားမှာပါ” ဟု ပြောသည်။
စစ်ခုံရုံးသို့ သွားရောက်ခဲ့သည့် ကချင်အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ယခုအမှုတွင် တပ်မတော်က စစ်ခုံရုံးအတွင်း လာရောက် နားထောင်ခွင့်ပြုပြီး အမှုအသွားအလာ၊ စစ်ဆေးနေမှု အခြေအနေများကို သိရှိ ရသဖြင့် လက်ရှိအခြေအနေ အထိ အားရကျေနပ်မှု ရှိကြောင်း၊ သို့သော် စီရင်ချက်ချသည့် အချိန်တွင် မှန်မှန်ကန်ကန် ဆောင်ရွက်မှု မည်မျှ ရှိသည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်ဟု ဦးလဂျာက ဆိုကြသည်။
အမှုကို စက်တင်ဘာလ ၁၈ ရက်တွင် စစ်ခုံရုံး၌ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး ကချင်လူမှုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများကိုလည်း ဆက်လက်လေ့လာနားထောင်ခွင့်ပြုမည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် ၂၀၁၁ ခုနှစ်၊ ဇွန်လ မှစ၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် နေအိမ်များကို စွန့်ပစ်ပြီး စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေရသည့် အရပ်သား ၁ သိန်းကျော်ရှိသည်။
တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲ ၆ နှစ်တာကာလအတွင်း ဒေသခံအရပ်သားများသည် တိုက်ပွဲများ အကြား သေနတ်ထိမှန် သေဆုံးခြင်း၊ မိုင်းထိကာ ဒဏ်ရာရ သေဆုံးခြင်း၊ နှစ်ဖက်တပ်များမှ သူလျှိုဟု ဆိုကာ ဖမ်းဆီးစစ်ဆေးခြင်းများ အများအပြားရှိသော်လည်း ဥပဒေအရ တရားစွဲဆိုမှုများ လုပ်နိုင်ခြင်း ယခုချိန်ထိ မရှိသေးပါ။