သတင်း

ရခိုင်တွင် ရင်ကြားစေ့ရေး မလွယ်တော့ဟု ဝန်ကြီးချုပ် ဦးညီပု ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် ရခိုင်မြောက်ပိုင်း၊ မောင်တောဒေသတွင် လူ့အဖွဲ့အစည်းများကြား သဟဇာတဖြစ်၍ ပေါင်းစည်းနိုင်ရေး ကြိုးပမ်းမှုများမှာ မလွယ်ကူတော့ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ယမန်နေ့ ညနေပိုင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ရခိုင်ပြည်နယ်တွင် အခြေအနေများ ပြန်တည်ငြိမ်လာပါက လူ့အဖွဲ့အစည်း အချင်းချင်းကြားတွင် ပို၍ သဟဇာတဖြစ်အောင် မည်ကဲ့သို့ အစီအမံများ ပြုလုပ်ထားကြောင်း ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ဦးညီပုက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့သည်။

“တိုတိုရှင်းရှင်း ပြောရရင် ကျနော်တို့ အများကြီး ခက်ခဲသွားပါပြီ။ အရင်တုန်းက တတ်နိုင်သမျှ ဒါကို ပေါင်းစည်းအောင် လုပ်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ ကျနော်တို့ အစိုးရ တာဝန်ယူကတည်းက ဒါကို ဦးစားပေးလုပ်တယ်။ သို့သော် လုပ်ရင်းလုပ်ရင်း ခုနက ပြောသလို အခက်အခဲတွေ ဖြစ်လာတယ်။ အခုတော့ အခက်ခဲဆုံး ဖြစ်သွားတယ်”ဟု ဦးညီပုက ပြောသည်။

ယခုကဲ့သို့ အခြေအနေမျိုး မဖြစ်ပွားစေရန် တတ်နိုင်သမျှ နှစ်ဖက် ပေါင်းစည်း နေထိုင်နိုင်ရေး၊ နှစ်ဖက် သဟဇာတဖြစ်စေရေး အတွက် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ကြိုးစားနေစဉ်တွင် ဘင်္ဂလီများဘက်မှ တဆင့်တက်၍ အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာ၍ အလွန်ဆိုးရွားသည့် အနေအထားသို့ ရောက်ရှိသွားရကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

“အင်မတန် ခက်ခဲတဲ့ အနေအထား ဖြစ်သွားတဲ့အတွက် တော်တော့်ကို အချိန်ယူပြီးတော့ အဆင့်ဆင့်လုပ်ရမယ့် အနေအထား ဖြစ်သွားတယ်။ နောက်ဆုံး တကယ့်ကို Plan တွေ ချပြီးတော့ ဆောင်ရွက်ရမယ့် အနေအထားမျိုး ဖြစ်သွားတယ်။ အခု ကိုဖီအာနန် ကေ်ာမရှင် အကြံပေး အစီရင်ခံစာအပေါ်မှာ ကျနော်တို့ အကောင်အထည်ဖော်ရေး ကော်မတီတွေ ဘာတွေ ဖွဲ့ပြီးတော့ အခုဆိုရင် ဆင်းပြီး လုပ်နေပါပြီ”ဟု ဦးညီပုက ပြောသည်။

ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများကမူ ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းရှိ မွတ်ဆလင်ရွာတချို့သည် အကြမ်းဖက်မှုကို လုံးဝ လက်မခံဘဲ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အကြမ်းဖက်သမားတချို့ကိုပင် ဖမ်းဆီး၍ ရဲလက်သို့ အပ်နှံသည့် ဖြစ်စဉ်များကိုပင် သတင်းထုတ်ပြန်၍ ဖော်ပြမှုများ ရှိခဲ့သလို အကြမ်းဖက်သမား များနှင့် ပူးပေါင်းဆောင်ရွက်သူများလည်း ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

“လုံးဝ ထွက်မပြေးတဲ့ရွာတွေက သူတို့ဆီကို အကြမ်းဖက်သမားတွေလာရင် လက်မခံဘူး။ တချို့ကျတော့လည်း ဖမ်းပြီးတော့ အပ်တယ်။ တချို့ကျတော့ လုံးဝ အဝင်မခံဘူး။ အဝင်မခံတဲ့ကျတော့ အကြမ်းဖက်အုပ်စုတွေမှာ တချို့တလေ ပါခဲ့တယ်။ တခြားရွာတွေ ကို သွားနေတယ်။ သူ့ရွာကလည်း မရှိတော့ဘူး။ မီးရှို့ပေးလိုက်ရတယ်။ တခြားရွာသွားနေမယ်ဆိုတော့လည်း အဲဒီရွာတွေက လက်မခံဘူး”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြီးခဲ့သည့် အပတ်က မီဒီယာများသို့ ပြောဆိုထားသည်။

နေထိုင်သူအားလုံး သို့မဟုတ် အချို့ ထွက်ပြေးသည့် ရွာများမှာ အကြမ်းဖက်သမားနှင့် အဆက်အသွယ် ရှိကာ အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်သူများ ဖြစ်နေကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှု မစတင်မီ အားနည်းသည့် အမျိုးသမီးများ၊ ကလေးသူငယ်များကို ကြိုတင် ထွက်ပြေးခိုင်းမှုများ ရှိကြောင်း သမ္မတရုံးက ပြောသည်။

လက်ရှိ မောင်တောဒေသ၏ အခြေအနေသည် ပြန်လည် တည်ငြိမ်စပြုလာ၍ ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ မီးလောင်ခံခဲ့ရသည့် အိုးအိမ်များကို ပြန်ဆောက်ပေးမည် ဖြစ်ကြောင်း၊ လောလောဆယ်တွင် ထွက်ပြေးတိမ်းရှောင်သူများ၏ စားဝတ်နေရေးကို ပြည်နယ် အစိုးရက တာဝန်ယူပေးထားကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။

ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက“သူတို့ဆန္ဒ ရှိတယ်။ သူတို့ ပြန်ချင်တယ်ဆိုရင် ကျနေ်ာတို့က အကုန်လုံး လမ်းစရိတ်ကအစ သူတို့ လုံခြုံမှုအဆုံး တာဝန်ယူပေးမယ်။ ဟိုမှာလည်း စားရေးရိက္ခာ အပြည်အစုံ နေ့တိုင်းလိုလို သွားပို့နေတယ်။ အပြည့်အစုံရှိပြီးသား။ ဒါကြောင့်မို့ သူတို့ တဖြည်းဖြည်း ပြန်ကြမှာပေါ့”ဟု ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများ၏ စာရင်းအမှန် အမြန်ဆုံး ရရှိရန် ဆောင်ရွက်နေပြီး ပြည်နယ်တွင်း လမ်းပန်း ဆက်သွယ်ရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading