တရုတ်နိုင်ငံတွင် ထုတ်လုပ် တပ်ဆင်သော ကျပ်သိန်း ၁၃၀ သာ ပေးသွင်းရမည့် BMW ဖက်စပ် ကားအသစ်များကို လွှတ်တော်အမတ်များအား ရောင်းချလိုကြောင်း သက်ဆိုင်ရာ ကုမ္ပဏီက အဆိုပြုလာသဖြင့် ခွင့်ပြုပေးရန် လွှတ်တော် ကော်မတီ ၃ ခုက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ တင်ပြထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်လက လွှတ်တော်ထဲသို့ BMW Brilliance မော်ဒယ် ကားသစ် ၂ စီး နမူနာ ယူဆောင်လာပြီးနောက် ပြည်သူ့လွှတ်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီ နှင့် လွှတ်တော် အခွင့်အရေး ကော်မတီ စသည့် ကော်မတီ ၃ ခုနှင့် တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်စားလှယ် အသိုင်းအဝိုင်းက ဧရာဝတီသို့ ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးပေါခင်က “Band New ကားတွေကို ကိုယ်စားလှယ်တွေကိုပဲ ဈေးလျှော့ပြီး ရောင်းလိုကြောင်း ပြောတာ။ အပြင်ဈေးထက်လည်း သက်သာတယ်။ အခွန် ကင်းလွတ်ခွင့် ဆိုတာမျိုးလည်း ပါမယ်။ ကိုယ်စားလှယ် တော်တော်များများကလည်း စိတ်ဝင်စားကြတယ်။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌ သဘောတူမှ ရမှာ။ ကျနော်တို့ ကော်မတီ ၃ ခုကတော့ ထောက်ခံ တင်ပြ ထားတယ်”ဟု ပြော သည်။
တရုတ်နိုင်ငံထုတ် ကျပ်သိန်း ၁၃၀ ဝန်းကျင်ရှိ BMW ဖက်စပ်ကားများကို အရစ်ကျစနစ်ဖြင့် ၃ နှစ်ခွဲ၍ ပေးသွင်းရမည် ဖြစ်ကြောင်း၊ ကား၏ ၄၀ ရာခိုင်နှုန်းမှာ BMW ကုမ္ပဏီမှ ပစ္စည်းများ ဖြစ်သော်လည်း ကျန်အရာများမှာ တရုတ်ပစ္စည်း များ ဖြစ်ကြောင်း၊ ကားဝယ်ယူရာတွင် စစချင်း ၃၀ ရာခိုင်နှုန်း (ကျပ်သိန်း ၃၀ ကျော်) သာ ပေးသွင်းရန်လိုပြီး ကုမ္ပဏီ က ကိုယ်စားလှယ်များကို အလျင်အမြန် ရောင်းချလိုသည်ဟု ကြားသိနေရကြောင်း လှိုင်မြို့နယ် အမတ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
ကိုယ်စားလှယ်များကို ကားရောင်းချရန် စည်းရုံးပြောဆိုခဲ့သည့် ကုမ္ပဏီမှာ Royal Naing Group ဖြစ်ပြီး မန္တလေး မြို့နှင့် မုံရွာမြို့တို့တွင် မန်းသစ္စာအမည်ဖြင့် ကားအရောင်းစင်တာများ ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။
ယင်းသတင်းကို အတည်ပြုနိုင်ရန် ယမန်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ သို့ ရောက်ရှိလာသည့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ဧရာဝတီကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မေးမြန်းခွင့် မပြုသဖြင့် NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းထံသို့သာ အတည်ပြုခဲ့ရသည်။
ဦးဉာဏ်ဝင်းက “BMW ဘက်က အဆိုပြုထားတာပါ။ အဲဒီလိုကြားတယ်။ ပါတီဘက်ကတော့ ယူ၊ မယူ မဆုံးဖြတ်ရ သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
BMW တံဆိပ်ကပ်ပါက မည်သည့်မော်ဒယ် ဖြစ်စေ ကျပ်သိန်း ၁၃၀ ဖြင့် ဝယ်စီး၍ မရနိုင်ကြောင်း၊ BMW အစစ်မှာ ဈေးကွက်တွင် ကျပ်သိန်း ၂၀၀၀ ကျော် တန်ကြောင်း၊ ကားတစီးအတွက် စလစ်ဈေး ကျပ်သိန်း ၁၀၀ ကျော်၊ အခွန် ၁၅ ရာခိုင်နှုန်းနှင့် ပေါင်းပါက ကျပ်သိန်း ၁၅၀ ခန့် ကုန်ကျမည် ဖြစ်၍ ကားတန်ဖိုး မပါသေးကြောင်း ရန်ကုန်မြို့ရှိ ကားအရောင်းပြခန်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ရိုးရိုးသားသား ရောင်းမယ်ဆိုရင် ဘယ်လိုမှ မရောင်းနိုင်ဘူး။ ကိုယ်စားလှယ်တွေကိုပဲ ဘာလို့ ရောင်းချင်ရတာလဲ။ ပြည်သူတွေကိုကော မရောင်းဘူးလား။ ပြည်တွင်းမှာ အခွန်တော်တော် သက်သာပြီး ထုတ်တဲ့ နီဆန်လိုမျိုး ကား တောင် အင်ဂျင်ပါဝါ နည်းတဲ့ကားက ဈေးက သိန်း ၂၅၀ ဝန်းကျင် ရှိတယ်။ ဘယ်မော်ဒယ် ဖြစ်ဖြစ် BMW က တော့ သိန်း ၁၃၀ ဆိုတာ ဘယ်မှာမှ မရဘူး” ဟု သူက ပြောသည်။
ထိုသို့ ဝေဖန်မှုများ ရှိနေ၍ ရန်ကုန်ရှိ BMW အရောင်းကိုယ်စားလှယ်ထံသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ BMW Myanmar မှ တာဝန်ခံ အမျိုးသမီးက ၎င်းတို့ ကုမ္ပဏီအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များကို ကားရောင်းချရန် ပြောဆိုထားခြင်း မရှိကြောင်း၊ ဂျာမနီ ကားများကို တိုက်ရိုက်တင်သွင်းပြီး ရန်ကုန်မြို့ ကမာရွတ် မြို့နယ်တွင် ရုံးခန်းဖွင့်ထားကြောင်း၊ ယခုတရုတ်နိုင်ငံထုတ် ကားများနှင့်မူ အဆက်အစပ် မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ကားဈေးမှာ အလွန်ပေါပြီး BMW ဟု ဆိုသောကြောင့် နေပြည်တော် ရှိ နိုင်ငံရေးအသိုင်းအဝိုင်းကြား တွင် ရေပန်းစားလျက် ရှိနေသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပေါခင်က “ကျနော်သိသလောက်တော့ တရုတ်ပစ္စည်းက များတယ်။ ကိုယ်တွေ လက်ခံရင် တရုတ်ကို ခေါ်ပြီး ပြမှာပေါ့။ Band New လည်း ဖြစ်တယ်။ အရစ်ကျစနစ်လည်း ရမယ်ဆိုတော့ စိတ်ဝင်စား ကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။