သတင်း

လိပ်ကျွန်းအမှု နောက်ဆုံးအယူခံကို ဗဟိုတရားရုံးက လက်ခံလိုက်ပြီ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၊ တောင်ပိုင်း လိပ်ကျွန်း (ကော့တောင်) လူသတ်မှုနှင့် ပတ်သက်၍ နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) က လက်ခံလိုက်ပြီဖြစ်ကြောင်း ထိုအမှုအား လိုက်ပါဆောင်ရွက်နေသူများက ပြောသည်။

မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော အယူခံလွှာကို ဗဟိုတရားရုံးထံ ယခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တင်ခဲ့ခြင်းဖြစ်ပြီး လက်ခံကြောင်းကို စက်တင်ဘာ ၁၈ ရက်နေ့က သိရခြင်းဖြစ်ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက် ပေးနေသည့် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အလုပ်သမား ရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။

ဦးမင်းဦး က “တင်လိုက်တဲ့ အယူခံက သူတို့အနေနဲ့ ငြင်းပယ်လို့မရဘူး။ ပြည့်စုံတယ်။ အဲဒီအချက်တွေကြောင့် သူတို့ လက်ခံ လိုက်ရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ မူတည်ပြီးတော့ ဒီအထဲမှာမှ ပျော့ကွက်၊ ဟာကွက်တွေ လိုက်ကြည့်ပြီးတော့မှ သက်သေ အထောက်အထားတွေ သူတို့ ထပ်ရှာမယ်။ ရှာပြီးတော့မှ တရားလိုဘက်က ထပ်တင်ဦးမှာ” ဟု ဧရာဝတီသို့ ပြောသည်။

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်မှုဖြင့် သေဒဏ် ပေးခံထားရသည့် မြန်မာနှစ်ဦးအမှုတွင် ထိုင်းရဲတပ်ဖွဲ့၏ အမှုတည်ဆောက်ပုံ အပေါ်ဝေဖန်မှုများ ရှိနေသကဲ့သို့ မျိုးရိုးဗီဇ (DNA) စစ်ချက်များမှာလည်း ကွဲလွဲချက်များရှိနေကြောင်း ရှေ့နေများက ပြောသည်။

အယူခံကို လက်ခံလိုက်သဖြင့် ဥပဒေ အရ ၆ လအတွင်း စစ်ဆေးပြီး အမိန့်ချမှတ်နိုင်ကြောင်း မြန်မာနိုင်ငံသားနှစ်ဦးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် လိပ်ကျွန်းအမှု အထူးစုံစမ်းရေး အဖွဲ့၏ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီသို့ ပြောသည်။

ဦးအောင်မျိုးသန့် က “အမှုမှာ ပီပြင်ခိုင်လုံတဲ့ အထောက်အထားတွေ မရှိဘူး။ လူသတ်လက်နက်မှာ DNA မတွေ့တာတို့ မုဒိမ်းကျင့် ခံထားရတဲ့ ကလေးမလေးရဲ့ အဝတ်အစားတွေကို DNA မစစ်တာနဲ့ ရုံးတော်ကို မသွင်းတာတို့ ပြောခဲ့ ပါတယ်။ အရေးကြီးတဲ့ အချက်တွေ ပေါ်လွင်လာပြီဖြစ်တဲ့ အတွက် ဒီကလေးတွေဟာ အလားအလာ ကောင်းသထက် ကောင်းပြီလို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ထိုအမှုနှင့်ပတ်သက်ပြီး ဗြိတိန် အမျိုးသားရာဇဝတ်မှု တိုက်ဖျက်ရေးဌာနသည် ဥပဒေ ချိုးဖောက်ကာ ထိုင်းရဲတပ်ဖွဲ့သို့ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်သော အချက်အလက်များထောက်ပံ့ခဲ့သည်ကို လန်ဒန်မြို့ ရှိ တရားရုံးချုပ်က ရှာဖွေတွေ့ရှိခဲ့ကြောင်း Bangkok Post သတင်းက ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦးကို သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။

ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသားနှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေများ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံပယ်ချခြင်း ခံခဲ့ရသည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာ ခဲ့ကြသော် လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက်ကာ ဝန်ခံခိုင်းခဲ့ခြင်း တို့ကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။

ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading