ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တော်ခန်းမရှေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြု မိန့်ခွန်းအား LED ဖြင့် ယနေ့ မနက် ၁၀ နာရီတွင် ပြသနေစဉ် ပုသိမ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနက မီးဖြတ်သည့်အတွက် ပွဲပျက်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးကျော်မြင့်
ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းတို့အပါအဝင် ပြည်သူ ၂၀၀၀ ကျော်ခန့်က နံနက် ၁၀ နာရီ မိန့်ခွန်းစတင် ဟောပြောစဉ်ကတည်းက ကြည့်ရှုနေစဉ် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်တွင် ပုသိမ် လျှပ်စစ်ဌာနက မီးဖြတ်သဖြင့် ပွဲပျက်သွားခဲ့ပြီး မီးပြန်လာချိန်၌ မိန့်ခွန်းဟောပြောမှု ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းက တိုင်းပြည်အတွက် သေရေးရှင်ရေးလို အရေးကြီးနေလို့ အားလုံးက ဝိုင်းဝန်းထောက်ခံတဲ့အနေနဲ့ ကြည့်နေကြတာ ၁၅ မိနစ် လောက်ပဲရှိသေးတယ် မီးပြတ်သွားတယ်။ တချို့က စိတ်ပျက်ပြီး ပြန်ကြတယ်။ တချို့ကတော့ မိန့်ခွန်း မှီဦးမလားဆိုပြီး စောင့်နေကြတာ။ မီးပြန်လာတော့ မိန့်ခွန်းကပြီးသွားပြီ။ အဲဒီတော့ ရုပ်ပျက်ဆင်းပျက်နဲ့ ပွဲပျက်သွားတာပေါ့”ဟု ပုသိမ်ခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညီညီအောင်က ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့တော် ခန်းမ ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ဟောပြောပွဲကြည့်ရှုနေသည်ကို မသိလိုက်၍ မီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာဌာနမှူး ဦးတင်အောင်မိုးက ဖြေရှင်းသည်။
“ကျနော်တို့က ဒီနေ့ မြို့တော်ခန်းမရှေ့မှာ အဲဒီပွဲရှိတယ်ဆိုတာ လုံးဝမသိဘူး။ မသိလို့ ထရန်စဖော်မာလဲဖို့အတွက် ခါတိုင်းလိုပဲ မီးဖြတ်လိုက်တာ။ ပွဲပျက်သွားတဲ့အပေါ် ဘာမှတ်ချက်မှ မပေးချင်ပါဘူး”ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကြည့်နေစဉ် မီးဖြတ်ခဲ့သည့်အတွက် မကျေနပ်သည့် ပြည်သူတချို့က ပုသိမ်လျှပ်စစ်အင်ဂျင်နီယာ ဌာနအား သွားရောက်ရန်တွေ့ခဲ့ကြသည့်အတွက် မြို့မိမြို့ဖများက ဝိုင်းဝန်းထိမ်းသိမ်းခဲ့ရသည်။