ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင်များ အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြခြင်းကြောင့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ ရင်ဆိုင်နေရချိန်တွင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအစိုးရကို ကာကွယ်ပြောကြားလိုက်သည်။
မွတ်စလင် ကျေးရွာ တဝက်ကျော် အရာမယွင်း ရှိနေသေးကြောင်း ယနေ့မနက်က နိုင်ငံတကာ သံတမန်များ ရှေ့မှောက်တွင် ပြောကြားသော မိန့်ခွန်း၌ သူက ပြောသည်။
ရခိုင်ပြည်နယ် အရေးသည် သူ ရင်ဆိုင်နေရသော ပြဿနာများ အနက်တခုမျှသာ ဖြစ်သည် ဟုဆိုသည်။
“ကျမတို့ နိုင်ငံဟာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရတဲ့ နုငယ်သေးပြီး ထိခိုက်လွယ်တဲ့ နိုင်ငံပါ။ ဒါတွေ အားလုံးကို ဖြေရှင်းရမယ်။ တချို့သော ပြဿနာတွေကိုပဲ အာရုံစိုက်နေလို့ မရဘူး” ဟု သူက ပြောသည်။
မြန်မာလုံခြုံရေး တပ်များကို မွတ်စလင် စစ်သွေးကြွများက ဩဂုတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်ပြီးနောက် ၄၁၇၀၀၀ ကျော် ကျေးရွာများမှ ထွက်ပြေးရသည်။
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသူများက လုံခြုံရေးတပ်များနှင့် ဗုဒ္ဓဘာသာဝင် လူအုပ်က သူတို့ကို တိုက်ခိုက်သည် ဟု ယင်းဒေသတွင် ရောက်နေသည့် မီဒီယာများကို ပြော ဆိုသည်။
သို့သော် ကျေးရွာ ထက်ဝက်ကျော်မှာ ထွက်ပြေးခြင်း မရှိသောကြောင့် ထွက်ပြေးသူများ မည်သည့်အကြောင်းရင်းကြောင့် ထွက်ပြေးကြရသည်နှင့် ထွက်မပြေးသူမြား မည်သည်ကြောင့် ထွက်မပြေးရကြောင်း ရှာဖွေသိရှိရန် အစိုးရနှင့် အတူ သွားရောက် လေ့လာရန်လည်း ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို ဖိတ်ခေါ်သည်။
“ကျမတို့လည်း စိုးရိမ်နေတယ်။ ပြဿနာ အစစ်အမှန်ဟာ ဘာလဲ ဆိုတာ ကျမတို့ ရှာဖွေချင်တယ်။ စွပ်စွဲတာတွေ၊ အပြန်အလှန် ထိုးချတာတွေ ဖြစ်နေတယ်။ ဒါတွေအားလုံးကို ကျမတို့ နားထောင်ရတယ်။ အရေးယူ ဆောင်ရွက်တာ မလုပ်မီ ဒီစွပ်စွဲချက်တွေဟာ ခိုင်မာတဲ့ အထောက်အထားကို အခြေခံလား ဆိုတာ စိစစ်ရတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝန်း၏ ဆန်းစစ် စိစစ်မှုကို မကြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နောက်ဆုံး ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများအပြီး ပထမဆုံးအကြိမ် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပြောကြားသောသူ၏ မိန့်ခွန်းတွင် ပြောသည်။
“တခြားသူတွေကို အပြစ်ပုံချဖို့၊ တာဝန်ကို ပစ်ပယ်ဖို့ ဆိုတာ မြန်မာအစိုးရရဲ့ ရည်မှန်းချက် မဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံး၊ ဥပဒေနဲ့ မညီတဲ့ အကြမ်းဖက်မှု အားလုံးကို ကျမတို့ ရှုတ်ချတယ်” ဟု သူက ပြောသည်။
“ကျမတို့ဟာ တနိုင်ငံလုံးမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ပြန်လည် ရရှိအောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်” ဟု သူက ပြောသည်။
လွန်ခဲ့သောလက အကြမ်းဖက်မှုကြောင့် ထွက်ပြေးကြသော မွတ်စလင်များကို ပြန်လည် စစ်ဆေးပြီး ပြန်ခွင့်ရှိသူများကို ကူညီရန် မြန်မာနိုင်ငံက အချိန်မရွေး အသင့်ရှိသည် ဟု သူက ပြောသည်။
“အချိန်မရွေး စိစစ်ပေးဖို့ ပြင်ဆင်ထားတယ်” ဟု ဘင်္ဂလားဒေ့ရှ်သို့ မကြုံစဖူး အထူးများပြားစွာ ထွက်ပြေးသူများကို ရည်ရွယ် ပြောကြားသော်လည်း ဒုက္ခသည် အားလုံး ပြန်လာရေးကို အာမခံချက် မပေးပေ။ လူ ၄၁၇၀၀၀ခန့် ဘင်္ဂလားဒေ့ရှ်သိုထွက်ပြေးသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသော်လည်း စာရင်းအတိအကျ ကောက်ယူနိုင်ခြင်း မရှိသေးပေ။
မီးရှို့ခြင်း၊ သိမ်းကျုံးသတ်ဖြတ်ခြင်း စသဖြင့် နိုင်ငံတကာက စွပ်စွဲခံနေရသော တပ်မတော်ကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်နှင့် သာမန်ပြည်သူတို့၏ အသက်အိုးအိမ်များ မထိခိုက်အောင် လုပ်ဆောင်ရန် ညွှန်ကြားထားသည် ဟု သူက ပြောသည်။
မိန့်ခွန်း၌ ARSA အကြမ်းဖက်အဖွဲ့ကို ရည်ညွှန်းရန် ရိုဟင်ဂျာအမည်ကို တကြိမ်သာ သုံးစွဲသည်။
ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်သူ မည်သူ့ကို မဆို ဥပဒေနှင့် ရင်ဆိုင်ရမည် ဟုလည်း သူက ပြောသည်။
လွန်ခဲ့သော သီတင်းပတ် ၃ ပတ်နီးပါး အတွင်း နိုင်ငံတကာ သတင်းဌာနများ၌ ရခိုင်ပြည်နယ် အကျပ်အတည်းသည် ခေါင်းစဉ်သတင်းများ အဖြစ် လွှမ်းမိုးထားပြီး နောက် ယခုမိန့်ခွန်းမှာ အားလုံး စောင့်မျှော်နေသော မိန့်ခွန်းဖြစ်သည်။
မိန့်ခွန်း၏ အဓိကအချက်များမှာ –
“မြန်မာနိုင်ငံဟာ ရှုပ်ထွေးသော နိုင်ငံတခု ဖြစ်တယ်။ အစိုးရက စိန်ခေါ်မှုများ အားလုံးကို တတ်နိုင်သမျှ ချိန်တိုအတွင်း ကျော်လွှားနိုင်မယ် လို့ အားလုံးက မျှော်လင့်နေကြတယ်”
“ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဟာ ပြည်တွင်းစစ် နှစ် ၇၀ နီးပါးကြာမှ ကျမတို့ရခဲ့တဲ့ အရာပါ”
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျမတို့ ရှုတ်ချတယ်။ ကျမတို့ဟာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်”
“မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆန်းစစ်စိစစ်မှုကို မကြောက်ဘူး။ ရခိုင်ပြည်နယ်မှာ ရေရှည် အတွက် အဖြေ ရအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်”
“ရခိုင်ပြည်နယ်က အုပ်စုအားလုံး ခံစားနေရတာတွေ အတွက် ကျမတို့ အရမ်းစိုးရိမ်နေတယ်။ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတာကို ကြားရလို့ ပူပန်မိတယ်”
“ဒီလို အစုလိုက်အပြုံလိုက် ဘာကြောင့် ပြေးရတာလဲ ကျမတို့ သိချင်တယ်။ ထွက်ပြေးသွားသူတွေနဲ့ ကျမတို့ စကားပြောချင်တယ်”
“ငြိမ်းချမ်းတည်ငြိမ်မှု ရဖို့၊ ရခိုင်ပြည်နယ် အသိုင်းအဝန်းတွေ သဟဇာတ ဖြစ်ဖို့ အစိုးရက အစွမ်းကုန် လုပ်ဆောင်နေတယ်”
“မွတ်စလင်ရွာသားတွေ အများကြီးရှိသေးတယ်။ အားလုံး ထွက်ပြေးတာ မဟုတ်ဘူး။ နိုင်ငံတကာ အသိုင်းအဝန်း အဲဒီကို သွားဖို့ ဖိတ်ကြားလိုက် ပါတယ်”
“စွပ်စွဲချပ်တွေ အပြန်အလှန် ထိုးချတာတွေ ရှိနေတယ်။ အားလုံးကို နားထောင်ရမယ်။ လူမျိုးဘာသာ မရွေး အပြစ်ရှိသူကို အရေးယူရမယ်”
“ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဖို့ ဗဟိုကော်မတီ တရပ်ကို ကျမတို့ ဖွဲ့စည်းထားပါတယ်”
“ရခိုင်ပြည်နယ်မှာ ကာလကြာမြင့်စွာ ဖြစ်နေတဲ့ ပြဿနာတွေကို အဖြေရှာတဲ့ ကော်မရှင်ကို ဦးဆောင်ဖို့ ဒေါက်တာ ကိုဖီအာနန်ကို ကျမတို့ ဖိတ်ကြားခဲ့ပါတယ်”
“မနှစ်က တနှစ်လုံး ကျမတို့ရဲ့ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးထူထောင်ဖို့ အစီအစဉ်တွေ ဆောင်ရွက်ခဲ့တယ်။”
“နိုင်ငံတကာ အနေနဲ့ ကျမတို့နိုင်ငံကို ပြဿနာဖြစ်တဲ့ နေရာတခုပဲ ကွက်မစဉ်းစားဘဲ တနိုင်ငံလုံး အနေနဲ့ စဉ်းစား သုံးသပ် စေချင်တယ်”
“မြန်မာနိုင်ငံဟာ ပြန်လာချင်သူတွေ အတွက် ဒုက္ခသည် စိစစ်ရေး လုပ်ငန်းစဉ် စတင်ဖို့ ပြင်ဆင်ထားတယ်”
ဒေါ်အောင်ဆန်းစုကြည်၏ ယခု မိန့်ခွန်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်း ပြောရန် တရက်အလိုတွင် ဖြစ်သောကြောင့် နိုင်ငံတကာ ဖိအားများ မြန်မာနိုင်ငံအပေါ် လျော့ပါးသွားစေရေး ရည်ရွယ်ပုံရသည်။
မိန့်ခွန်းမှာ မြင့်တက်လာနေသော စိတ်လှုပ်ရှားမှုများအား ကျေနပ်နှစ်သိမ့်စရာ တစိတ်တပိုင်းဖြစ်ဖွယ်ရှိသော်လည်း မိန့်ခွန်းပါ အစီအစဉ်များကို နောက်ဆက်တွဲ အကောင်အထည်ဖော်ရေး အသေးစိတ်ဆောင်ရွက်ရန်မှာမူ နှစ်ဘက် လူမျိုးစု အသိုင်းအဝိုင်းကြား အပြန်အလှန် မယုံကြည်မှု မြင့်မားနေပြီး လုံခြုံရေးအရ စိုးရိမ်ဖွယ် ရှိနေသေးသော အခြေအနေတွင် လုံးဝ မလွယ်ကူသေးပေ။