သတင်း

ရခိုင်အရေး ARSA ဇာတ်လမ်းဆင်ဟု ကာကွယ်ရေး ဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်အဖွဲ့(ARSA) များ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ မီဒီယာများက ဖော်ပြကြရာတွင် ရခိုင်ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို မဖော်ပြဘဲ ARSA များ၏ တိုက်ခိုက် ခံရမှုကိုသာ အသားပေး ဖော်ပြနေသဖြင့် ရခိုင်အပေါ် ပြောင်းပြန်အမြင် ရှိနေကြကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

“ARSA က ဇာတ်လမ်းဆင်တာပေါ့။ ဇာတ်လမ်းဆင်ပြီးတော့ သူတို့ကလည်း အစလည်းလုပ်တယ်။ သူတို့ကလည်း ထွက် ပြေးတယ်။ ပြီးတော့ သူတို့က ပြောတော့ သူတို့စကား ပေါက်တဲ့အခါကျတော့ ကမ္ဘာက ဘယ်လိုထင်လဲဆိုတော့ သူတို့ အပေါ်မှာ သနားတယ်” ဟု ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေပြမိန့်ခွန်း ပြောကြားသည့် အခမ်းအနားသို့ တက်ရောက်လာစဉ် ပြောသွားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် မြို၊ ဒိုင်းနက် နှင့် ရခိုင်လူမျိုးများ သတ်ဖြတ်ခံရမှုကို ပြည်ပမီဒီယာများက ဖော်ပြခြင်း မရှိ၍ ရခိုင်ကို ပြောင်းပြန် အမြင်ရှိနေကြောင်း ဝန်ကြီးက ပြောသည်။

“အဲဒါကြီးကတော့ အမှားကြီးပါပဲ။ ကျနော်တို့ မီဒီယာတွေမှာ ကျနော်တို့ နိုင်ငံရဲ့ မီဒီယာ ထိုးဖောက်နိုင်တာ အား နည်းပါတယ်။ အဲဒီတော့ မွတ်စလင် အသိုင်းအဝိုင်းပေါ့။ သူတို့ဘက်ကကျတော့ ကမ္ဘာမှာ မီဒီယာ အားကောင်းပါတယ်။ အားကောင်းတဲ့ အခါကျတော့ သူတို့ ပြောတာက ပိုပြီးတော့ ပေါက်ပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကောင်းဖြစ်ကြောင်း၊ ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက် မှန်မှန်ကန်ကန်ရှိနေသည့်အတွက် တကယ်နားလည်သူများအနေဖြင့် မိမိတို့ဘက်တွင် ရှိမည်ဟု ယုံကြည်ပါကြောင်း၊ ရခိုင်ဒေသအတွင်းမှ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိသည့် မွတ်စလင်များကိုလည်း အစိုးရအဖွဲ့က ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးနေကြောင်းလည်း ဆိုသည်။

“ သြဂုတ် ၂၅ ရက်နေ့ကလို အုံလိုက်ကျင်းလိုက်ဖြစ်ပြီး အခုနောက်ပိုင်းမှာ တခါတလေ သေနတ်သံတွေ ကြိုးကြား ကြိုးကြား ကြားရတယ်။ မြေမြှုပ်မိုင်း အကြွင်းအကျန်တွေကြောင့် သွားရေးလာရေးမှာ သတိထားပြီး သွားနေရတယ်” ဟု ရခိုင်အမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

သြဂုတ်လ ၂၅ ရက်မှစပြီး ရခိုင်ဒေသအတွင်း အကြမ်းဖက် အဖွဲ့များ၏ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ ခိုလှုံနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကူညီရေး စခန်းပေါင်း၂၀ ဖွင့်လှစ်ပြီး ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာ ဝေဖန်မှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုခုပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဆန်းစစ်မှုများ ရှိလာပါက မြန်မာနိုင်ငံ အနေဖြင့် ကြောက်ရွံ့နေမည် မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရန် တည်တည်ငြိမ်ငြိမ် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယနေ့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားသွားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာ အမြင်တွင် နိုင်ငံတနိုင်ငံလုံး၏ အနေအထားကို ခြုံကြည့်စေလိုကြောင်း၊ ပဋိပက္ခ ဖြစ်ပွားနေသည့် ဧရိယာလေး တခုလောက်ကိုသာ ကြည့်ခြင်းမျိုး မဖြစ်စေလိုကြောင်းလည်း မိန့်ခွန်းထဲတွင် တိုက်တွန်း ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading