ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းပြား – မြောက်ဦး ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၉၆ မိုင် ၄ ဖာလုံတွင် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနှစ်အချိန်ခန့်က မိုင်း ၃ လုံး ပေါက်ကွဲခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဗုံးပေါက်ကွဲနေသည့်နေရာမှာ မင်းပြားမြို့မှ ၈ မိုင်ခန့် အကွာတွင် တည်ရှိသော ဆပ်ကျာ ဘင်္ဂါလီကျေးရွာနှင့် တန်းဆိပ် ဘင်္ဂါလီကျေးရွာအကြားတွင် ဖြစ်ပြီး ရန်ကုန်ဘက်မှ စစ်တွေ ဘက်သို့ မောင်နှင်းလာသော ကယ်ဆယ်ရေး ပစ္စည်းပါ ကုန်တင်ကားနှင့် စစ်တွေမြို့ဘက်ကမှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသော ကစ္ဆပနဒီ ကားတို့ ရှောင်နေစဉ် အချိန်အတွင်း မိုင်းပေါက်ကွဲခြင်း ဖြစ်ကြောင်း မင်းပြားမြို့မ ရဲစခန်းမှ ရဲအုပ် ညီညီက ပြောသည်။
ရဲအုပ်ညီညီက “ကယ်ဆယ်ရေး လာတဲ့ ကားတိုက်ခိုက်ခံရတယ်ဆိုတာတော့ မဟုတ်ဘူး။ ရန်ကုန်ဘက်ကလာတဲ့ ၆ ဘီးကုန်တင်ကားနဲ့ စစ်တွေဘက်ကလာတဲ့ ကစ္ဆပနဒီ ကားတို့ အဲဒီနေရာ အရောက်မှာ ကွေ့ရှောင်စဉ်မှာ ကားလမ်းဘေးမှာ စိုက်ထားတဲ့ သစ်ပင် အောက်ကနေ မိုင်း ပေါက်ကွဲတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းပေါက်ကွဲမှုကြောင့် ကား ၂ စီးလုံး၏ လေကာမှန်များ ကွဲအက်သွား သော်လည်း ကားပေါ်တွင် လိုက်ပါလာသော လူများ ထိခိုက်ဒဏ်ရာ မရှိကြောင်း၊ ပေါက်ကွဲသွားသော မိုင်း ၃ လုံး အမျိုးအစားကို သိရှိနိုင်ရန် စစ်ဆေးလျက်ရှိပြီး ဖြစ်နှင့်ပတ်သက်၍ မင်းပြားမြို့မ ရဲစခခန်းမှ ပ / ၁၇၄ / ၂၀၁၇ ၊ ပေါက်ကွဲပုဒ်မ ၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။