သတင်း

ကလေးမြို့တွင် လူဦးရေ ၂ ထောင်ကျော်ရေဘေးရှောင်နေရ

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့တွင် မြစ်ရေမြင့်တက်မှု နှင့် မိုးရွာသွန်းမှုများကြောင့် လူနေရပ်ကွက်နှင့် ကျေးရွာ အချို့တွင် ရေဝင်ရောက်ခဲ့ပြီး လူဦးရေ ၂ထောင်ကျော် ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြောင်း သိရသည်။

ကလေးမြို့တွင် စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ ကျေးရွာနှင့် ရပ်ကွက် စုစုပေါင်း ၁၅ ခုတွင် ရေဝင်ရောက်ခဲ့ရာ ညောင်ပင်သာရပ်ကွက် နှင့် ချမ်းမြေ့အောင်စည်ရပ်ကွက် အပါအဝင် ရပ်ကွက်အချို့တွင်ရေဝင်ရောက်နေသဖြင့် ကယ်ဆယ်ရေးစခန်းများတွင် အိမ်ခြေ ၉၇၈ အိမ်၊ အိမ်ထောင်စု ၁၀၁၀ စု မှ လူဦးရေ ၂၃၂၈ ဦး ရှိကြောင်း၊ တံတား ၂ စင်းမှာလည်း တောင်ကျချောင်းရေကြောင့် ရေထဲမျောပါသွားကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရုံးမှူးရုံးမှ သိရသည်။

“မနေ့ကစပြီးရေကြီးတာပါ။ လက်ရှိမနက် ၁၀ နာရီအထိ စာရင်းချုပ်ကတော့ ရပ်ကွက်နဲ့ ကျေးရွာအားလုံး ၁၅ ခုရှိတယ်။ ကယ်ဆယ်ရေး စခန်းကလည်း ၁၅ နေရာရှိတယ်။ မြေပြင်မှာတော့ တိုးနေတယ် ပြောတယ်။ စာရင်းထပ်ကောက်နေတာ ဖြစ်ပါတယ်” ဟု ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝေလွင်စိုးက ဧရာဝတီသို့ ပြောသည်။

ယင်းကဲ့သို့ ၂ ရက်အတွင်းတွင် ရေဝင်ရောက်မှုမြင့်တက်နေသဖြင့် ၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ရေကြီးမှုဖြစ်စဉ်အတိုင်း ထပ်မံဖြစ်ပွားမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

ဦးဝေလွင်စိုးက “၂၀၁၅ ရေကြီးတဲ့ အခြေအနေမျိုးတော့ မရောက်နိုင်ပါဘူး။ ၂၀၁၅ တုန်းကရုံးတွေ ခေါင်မြုပ်ပါတယ် အခုလက်ရှိ ကျနော်တို့ ရုံးမှာပဲ မရွေ့မပြောင်းဘဲ ရေမဝင်ဘဲ ရှိပါတယ်။ ကျနော်တို့ ကလေးဒေသမှာရေကြီးတယ်ဆိုတာက တောင်ပေါ်ဒေသ ချင်းပြည်နယ် ဖလမ်း ၊ ဟားခါး ၊ တီးတိန် တို့က မိုးရေချိန်များတဲ့ အခါမှာ ရေလာကြီးတာဖြစ်ပါတယ်။ ကျနော်တို့ ဒေသက ပုံမှန် မိုးတွင်း ကာလက မိုးများရင် ရွှေ့ရတာရှိတတ်တယ်။ ဒါပေမဲ့ သာမန် ရွှေ့ရတာ ထပ်နည်းနည်း များတယ်” ဟုပြောသည်။

ယခုလက်ရှိ ကလေးမြို့ရေကြီးမှုသည် ၂၀၁၅ ခုနှစ်လောက် ထိခိုက်ဆုံးရှုံးမှုမများနိုင်ကြောင်း၊ ထိခိုက်ဆုံးရှုံးမှု များနိုင်သည့် ဒေသများတွင် ကယ်ဆယ်ရေးဌာနအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းကို ကယ်ဆယ်ရေးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းထွန်းက ဧရာဝတီသို့ပြောသည်။

ဒေါ်သင်းသင်းထွန်းက “ကျမတို့က ၂၀၁၅တို့၊ ၂၀၁၆ တို့မှာ ရေကြီးထားတာတွေရဲ့ အတွေ့အကြုံတွေပေါ်မှာ အခြေခံပြီးတော့ ရေကြီးမှုမှာ ထိခိုက်နိုင်မှု များတဲ့ နေရာတွေ ဥပမာ ပခုက္ကူတို့လို့ နေရာမျိုးမှာ ယာယီရေဘေးရှောင်စခန်းတွေ ကြိုတင်ဖွင့်ပေးထားပေးတယ်။ နောက်ပြီးတော့ ဆက်တိုက်လေ့ကျင့်ခန်းတွေ လုပ်ပေးထားတယ်။ ကလေးမြို့က အရင်တုန်းကလိုတော့ ထိခိုက်ဆုံးရှုံးမှုတွေ မများနိုင်ပါဘူး” ဟုပြောသည်။

မြစ်သာမြစ်ရေသည် ပြင်သာ (ကလေးမြို့) တွင် ၄ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် နှစ်ရက်အတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြစ်သာမြစ်ရေ မြင့်တက်လာမှုကြောင့် ကလေးမြို့အတွင်းရှိ မြစ်ကမ်းနှင့်နီးသော နေရာများ ၊ မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အနေဖြင့် သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading