သတင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရန် JMC မူဝါဒများကို လေးစား လိုက်နာရန် လိုအပ်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရန် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) မှ ချမှတ်ထားသော မူဝါဒများကို လေးစား လိုက်နာကြရန် လိုအပ်သည်ဟု ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ပြော သည်။

စက်တင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်သော ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေး အဖွင့်အမှာစကား ပြောရာမှာ JMC-U ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် က ထိုသို့ ထည့်သွင်း ပြောကြား ခြင်း ဖြစ်သည်။

JMC တွင် နှစ်ဖက် တပ်ဖွဲ့ဝင်များ အပြင် အရပ်သား ကိုယ်စားလှယ်များကို တရားသူကြီး အနေဖြင့် ခန့်အပ်ပါဝင် စေခိုင်း ထားပြီး JMC-U နှင့် ပြည်နယ် အဆင့် JMC-S များမှာ ပြဿနာ တစုံတရာ ဖြစ်ပါက မည်သို့ ဖြေရှင်းမည် နည်း၊ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာပါက မည်သို့ ဆောင်ရွက်မည်နည်း၊ ထိတွေ့မှုဖြစ်ပါက မည်သို့ ဖြေရှင်းမည်နည်း စသည့် လုပ်ထုံး လုပ်နည်း မူဝါဒများကို JMC-U တွင် ချမှတ်ထားကြောင်းလည်း ၎င်းက ပြောသည်။

“ကျနော်တို့ ပဋိပက္ခတွေပေါ်ပေါက်လာရင် ဘယ်လိုမျိုးလုပ်မယ်ဆိုတဲ့ ကျနော်တို့ရဲ့လုပ်ထုံး လုပ်နည်း မူဝါဒ တွေ ကျနော်တို့ JMC-U မှာလည်း ချမှတ်ထားတာရှိပါတယ်။ ဒါဟာ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အသက် ဖြစ်ပါ တယ်။ ကျနော်တို့ရဲ့ ဗျူဟာတွေရှိတယ်။ SOP (လုပ်ငန်းဖော်ဆောင်မှု အဆင့်) တွေရှိတယ်။ ကျနော်တို့ ဒီမှာ အစည်း အဝေး တက်ရောက်လာတဲ့ JMC-U ခေါင်းဆောင်တွေဟာ တချက်ချင်း တချက်ချင်း ဆွေးနွေးဆုံးဖြတ် သွားရမှာဖြစ် တယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။

၎င်းက ဆက်လက်၍ “JMC-U ရဲ့ ဆုံးဖြတ်ချက်၊ JMC-S တွေရဲ့ ဆုံးဖြတ်ချက်၊ ဒါတွေဟာ ကျနော်တို့ တဦး တယောက် တည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ကျနော်တို့ ချမှတ်ထားတဲ့ SOP ၊ ToR (လုပ်ငန်း လမ်းညွှန်ချက်) တွေ အပေါ်မှာ မူတည်ပြီးတော့ မှ ဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် ဒါတွေကို လေးစား လိုက်နာမှသာလျှင် ကျနော်တို့ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အောင်မြင်မှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

စက်တင်ဘာ ၂၀ ရက်တွင် စတင် ကျင်းပနေသော JMC-U အစည်းအဝေးကို ၂၂ ရက်အထိ ကျင်းပသွားမည် ဖြစ်သည် ဟု ဆိုသည်။

JMC ၏ ရှေ့လုပ်ငန်းစဉ်များ အပါအဝင် ၁၁ ကြိမ်မြောက် အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို ပြန်လည် ဆွေးနွေး အတည်ပြုမှုများ ပြုလုပ်ခြင်းနှင့် နယ်မြေ သတ်မှတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

JMC-U ဒုဥက္ကဌ(၁) ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး ကလည်း “ကျနော်တို့ JMC အနေနဲ့ ရောက်ရာ အဆင့်ကနေပြီး အကောင်အထည်ဖော် နေလျက်ရှိပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် ပဋိပက္ခရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေကတော့ နှစ်ဖက်အကြား သံသယ စိတ်တွေ ရှိနေသေး တာရယ်၊ သံသယစိတ်တွေကပဲ နှစ်ဖက်အကြား ယုံကြည်မှုနိမ့်ကျလာပါတယ်။ နောက်ပြီး NCA ကို နားလည်မှု လွဲမှားပြီးတော့ NCA ပါ အချက်အလက်အပေါ်မှာ ကျနော်တို့ နှစ်ဖက်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှု မတူညီ ခြားနားမှုတွေ ရှိနေတာ ကျနော်တို့ နှစ်ဖက်မှာ စိုးရိမ်စိတ် ပူပန်စိတ်တွေရှိနေပါတယ်”ဟု ပြောသည်။

ထို့နောက် မိမိတို့ JMC ၏ အကောင်အထည် ဖော်မှုများသည် ထင်သလောက် ချောမွေ့ပြေပြစ်မှု မရှိသေးဘဲ အခက် အခဲ များ ရှိနေသေးကြောင်း၊ JMC အကောင်အထည် ဖော်မှုတွင် ယုံကြည်မှုအဆင့် မြင့်မားလာရန် လိုကြောင်း၊ ယုံကြည်မှု အဆင့်ကနေ နောက်တဆင့်ကို သွားနိုင်ရန် NCA ပါ အကြံပြု ရှောင်ရှားသင့်သည့် အပြုအမှုများအား လက်နက်ကိုင် နှစ်ဖက်စလုံးမှ ရှောင်ရှားသွားကြရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

JMC သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်း သား လက်နက်ကိုင် ၈ ဖွဲ့နှင့် တပ်မတော်ကြား ပစ်ခတ်မှုများ ထပ်မံ မဖြစ်ပွားလာရေး စောင့်ကြည့်ရန် အပါအဝင် အပစ် ရပ် နယ်မြေများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ မပြုလုပ်ရန်၊ ဒေသခံများအား ဖမ်းဆီးခြင်းနှင့် နှိပ်စက်မှုများ မပြုလုပ်ရန်၊ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပါက အမြန်ဆုံး တားဆီးရန်၊ နယ်မြေ သတ်မှတ်မှုများ ပြုလုပ်ပေးရန် စသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စုအဆင့် JMC-U ကို ဖွဲ့စည်းထားပြီး ပြည်နယ်အဆင့် JMC-S ကို ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ဖွဲ့စည်းထားကာ ဒေသန္တရ အဆင့် JMC-L အား ရှမ်းပြည်နယ်နှင့် နောက်တနေရာတွင် ဖွဲ့စည်းထား၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိသည် ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading