သတင်း

တပ်မတော် နှင့် TNLA တိုက်ပွဲများ ပြန်ဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲတွင် တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တကြော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း TNLA ဘက်က သတင်းထုတ်ပြန် ထားသည်။

နမ့်ဆန် မြို့နယ်ထဲတွင် တပ်မတော် တပ်မ ၇၇ နှင့် TNLA လှုပ်ရှားတပ်များကြား စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ၁၉ ရက်နေ့ အထိ ရင်ဆိုင်တိုက်ပွဲများ အပြန်အလှန် ဖြစ်ပွားခြင်း ဖြစ်ကြောင်း TNLA ဒု ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျာ က ပြောသည်။

ဗိုလ်မှူးချုပ် တာဂျုတ်ဂျာ က “အဓိကကတော့ တပ်မတော်က အင်အားတိုးချဲ့ပြီး ကျနော်တို့ရှိတဲ့ နေရာတွေကို လိုက်ရှာရာ ကနေ တည့်တည့် တိုးတာပေါ့။ အဲဒါနဲ့ ကျနော်တို့နဲ့ ရင်ဆိုင် တိုက်ပွဲဖြစ်ကြတာ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် စစ်ကြောင်းများနှင့် TNLA လှုပ်ရှားတပ်များကြား ၈ ရက်အတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွား ခဲ့သော တိုက်ပွဲများတွင် နှစ်ဖက် တပ်ဖွဲ့ဝင်များကြား ထိခိုက် ဒဏ်ရာရမှု၊ ကျဆုံးမှုများ ရှိကြောင်းလည်း TNLA ဘက်က ပြော သည်။

သို့သော်လည်း တိုက်ပွဲဖြစ်ပွားနေမှု၊ ဒဏ်ရာရ၊ သေဆုံးမှုများနှင့် ပတ်သက်၍ တပ်မတော်ဘက်က သတင်းထုတ်ပြန်မှု မတွေ့ရသေး သကဲ့သို့ ထိုအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင်လည်း ပြန်လည် ဖြေကြား ခြင်း မရှိပေ။

TNLA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရ သေး သော အဖွဲ့ဖြစ်ပြီး မိုးတွင်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ အေးသွားရာမှ ယခုလ ၁၁ ရက်နေ့က စပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်သည်။

“မိုးတွင်းတောင်မှ ထိုးစစ်ဆင်တဲ့ အနေအထားမှာ ရှိတာပေါ့လေ။ တဘက်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးတယ်။ တဘက် မှာလည်း တပ်တွေတိုးချတယ်ဆိုတော့ ဆောင်းဝင်လာရင် ဒီထက်ဆိုးမလားဆိုပြီးတော့ လူထုတွေကလည်း စိုးရိမ်တာပေါ့” ဟု ဗိုလ်မှူးချုပ် တာဂျုတ်ဂျာ က ပြောသည်။

TNLA သည် ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) က ဦးဆောင်၍ မြန်မာ – တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) တွင် မဟာမိတ် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

FPNCC နှင့် အစိုးရကြား ယခုနှစ် မေလက နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး အပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထပ်မံ ပြုလုပ်နိုင်ခြင်း မရှိဘဲ ပြတ်တောက် လျက်ရှိသည်။

မြောက်ပိုင်း ၇ ဖွဲ့နှင့် အစိုးရတို့ကြား ဆွေးနွေးပွဲများ ဆက်လက် အကောင်အထည် ဖော်နိုင်ရေး အတွက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က ကြိုးပမ်းမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့သော မစ္စတာ ဆွန်ကော့ရှန်က ဆွေးနွေးပွဲများ ပြန်စနိုင်ရေး အတွက် ယခု လလယ်ပိုင်းက မြောက်ပိုင်း ၇ ဖွဲ့ကို ဖိတ်ခေါ်ခဲ့သော်လည်း မစ္စတာ ဆွန်ကော့ရှန်၏ ကျန်းမာရေး အခြေအနေကြောင့် ခေတ္တ ဆိုင်းငံ့ထားသည်ဟုလည်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading