သတင်း

ပြည်မြို့ နဝဒေးသကြားစက်မှ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများ နစ်နာကြေးရရှိရေး ဆန္ဒပြ

Want create site? Find Free WordPress Themes and plugins.

ပြည်မြို့ နဝဒေးသကြားစက်မှ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများက ၎င်းတို့၏နစ်နာကြေးများရရှိနိုင်ရန် ယနေ့နံနက် ၁၀ နာရီခန့်က ပြည်မြို့ မူယာပင် ပန်းခြံအနီးမှစတင်၍ ပြည်မြို့နယ် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြောင်း သိရသည်။

အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများမှ နစ်နာကြေးများ ရရှိရန် အဆင့်ဆင့်တိုင်ကြားခဲ့ရာ ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီ၏ စစ်ဆေးကြားနာချက်မှုများ ပြုလုပ်ပြီးနောက် ဝန်ထမ်းများအား အလုပ်ထုတ်နစ်နာကြေးနှင့် နို့တစ်ကြေး (ခေါ်) အလုပ်ထုတ်ရာတွင် ကြိုတင်အသိပေး အကြောင်းမကြားခဲ့သည့်အတွက် လုပ်ခတလစာအား ထုတ်ပေးရန် ဆုံးဖြတ်ခဲ့သည့်အပေါ် စက်ရုံဘက်မှ ဇူလိုင်လ ၁၁ ရက်နေ့က ၁၅၄ သိန်း ၂ သောင်းကို နစ်နာခဲ့သည့် ဝန်ထမ်းများအား ပေးအပ်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ခုံသမာဓိကောင်စီမှ ယင်းဆုံးဖြတ်ချက်နှင့်အတူ နစ်နာခဲ့ရသည့်ဝန်ထမ်းများ တာဝန်ထမ်းဆောင်ခဲ့စဉ်က ခံစားခွင့်မရခဲ့သည့် အနိမ့်ဆုံးလုပ်ခလစာ၊ အချိန်ပိုကြေး တနာရီလျှင် ၉၀၀ ကျပ်နှုန်းနှင့် တပတ်လျှင်တကြိမ် အလုပ်နားရက်များတွင် အလုပ်ဆင်းခဲ့ရသည့် အပေါ် စက်ရုံဘက်မှ ဆောင်ရွက်ပေးရန်နိုင်ရန် သုံးသပ်ချက်များ ညွှန်ကြားခဲ့သည့်အပေါ် တာဝန်ရှိသူများမှ ဆောင်ရွက်မပေးသည့်အတွက် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ကိုသန်းဇော်ထွဋ်က ပြောသည်။

“ခုံသမာဓိကောင်စီရဲ့ အောက်ခြေက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့ မြို့နယ်အလုပ်သမား ဥပဒေစစ်ဆေးရေးရုံးတို့က မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိလို့ ကျနော်တို့ အခုလို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ အမှုရင်ဆိုင်ရတာလည်း ကျနော်တို့ ၆ လ ကျော် ၇ လထဲကိုရောက်သွားပါပြီ။ မိသားစုတွေလည်း အရမ်းဒုက္ခရောက်နေပါတယ်။” ဟု နဝဒေး သကြားစက်တွင် လုံခြုံရေးတာဝန်ယူခဲ့သူ ကိုသန်းဇော်ထွဋ်က ပြောသည်။

ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်နှင့် သုံးသပ်ချက်များအပေါ် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ သွားရောက်စစ်ဆေးရာတွင် အလုပ်သမားဘက်မှ လုပ်ခလစာထုတ်ယူသည့် စာရင်းများတွင် ၎င်းတို့ကိုယ်တိုင် လက်မှတ်ထိုးထုတ်ယူထားသည့် လစာများမှာ အနိမ့်ဆုံးလုပ်ခလစာထက်ပင် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်ဒ

ယင်း အချိန်ပိုနစ်နာကြေးအား ဥပဒေအတိုင်း ထုတ်ပေးသော်လည်း တချို့သာလာရောက်ထုတ်ယူပြီး အများစုမှာ လာရောက်ထုတ်ယူခြင်း မရှိသည့်အတွက် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် သုံးသပ်ချက်များအား ကျော်လွန် ဆောင်ရွက်ခွင့်မရှိကြောင်း ပြည်မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဋ္ဌာန တာဝန်ခံ ဒေါ်စုစုလှိုင်က ရှင်းပြသည်။

“ကျမတို့အကုန်လုံးစစ်လို့တွေ့တယ်။ ဘေတွေမှာ သူတို့ကိုယ်တိုင်လက်မှတ်ထိုးထားတာကို မဟုတ်ပါဘူးလို့လည်း ပြောလို့မရဘူး။ သူတို့အခုပြောတယ် အနည်းဆုံးလုပ်ခကြေးငွေအောက် လျော့နည်းတယ်လို့ပြောတယ်။ သူတို့ ၄ လပိုင်း ၂၀ ရက်နေ့က စပြီးတိုင်ကတည်းက ကျနော်တို့က အခြေခံလစာတယောက်ကို ၁သိန်း၂သောင်းရတဲ့ ဝန်ထမ်းတွေ ဖြစ်ကြပါတယ်လို့ သူတို့ရဲ့တိုင်စာမှာကိုက ပါပြီးသားဖြစ်နေတယ်။ ပြီးမှ တဆင့်တဆင့်တက်ပြီး ဘယ်လိုလုပ်ပြောင်းလဲ သွားတယ်ဆိုတာ ကျမတို့လည်းမသိတော့ဘူး။ အိုတီနဲ့ပတ်သက်ပြီး ရသင့်ရထိုက်တာတွေကို ဥပဒေအတိုင်း တွက်ချက်ပေးပြီး အဲဒီအထဲက ဝန်ထမ်းတချို့ဆို ငွေတောင်ထုတ်ပြီးပါပြီ။” ဟု ဒေါ်စုစုလှိုင်က ဆက်ပြောသည်။

၂၀၁၇ မတ်လတွင် နဝဒေးသကြားစက်ရုံမှ ဝန်ထမ်း ၃၂ ဦးအား အပြစ်မရှိပဲ အလုပ်သမားလျော့ချရေးခေါင်းစဉ်ဖြင့် အလုပ်ထုတ်ခံရခြင်းကြောင့် နစ်နာမှုများအား ဖြေရှင်းပေးရန် ဧပြီလ ၂၀ ရက်နေ့က ပြည်မြို့နယ် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဋ္ဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ ၃ ကြိမ် ညှိနှိုင်းဖြေရှင်းပေးသည့် အပေါ်မကျေနပ်၍ ထိုမှတဆင့် ခုံသမာဓိအဖွဲ့ကို တိုင်ကြားခဲ့သည်။

အဆိုပါ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ်တွင်လည်း ကျေနပ်မှုမရှိသဖြင့် ခုံသမာဓိကောင်စီအထိ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ခုံသမာဓိကောင်စီမှ ဇွန်လ ၂၆ ရက်နေ့တွင် အဆိုပါ ဆုံးဖြတ်ချက်များနှင့် သုံးသပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading