သတင်း

ကလေးမြို့တွင် ရေဘေးရှောင်သူ ဦးရေ ၉ ထောင်ကျော်ရှိ

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့တွင် မြစ်ရေမြင့်တက်မှု နှင့် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ လက်ရှိတွင် ရေထပ်မံ မမြင့်တက်သော်လည်း ရေဘေးရှောင်သူ ဦးရေ ၉ ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ရေကတော့ ဆက်မတက်တော့ဘူး။ ကျနော်တို့ မြို့နယ် အပေါ်မှာတော့ ရေကျနေပြီ။ ဒီမှာတော့ ၁စင်တီမီတာ ၂ စင်တီမီတာလောက်ပဲ စကျကာစပဲ ရှိသေးတယ်။ အခုက ရေဘေးရှောင် စခန်း ၁၉ ခုမှာပဲ ရှိနေသေးပါတယ်” ဟု ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝေလွင်စိုးက ဧရာဝတီသို့ ပြောသည်။

ကလေးမြို့ရှိ ကျေးရွာနှင့် ရပ်ကွက်အချို့သို့ ရေဝင်ရောက်မှုသည် ၃ ရက်ကြာမြင့်နေပြီ ဖြစ်သည်။ ယင်းကဲ့သို့ ရေဝင် ရောက်မှု မြင့်တက်နေသဖြင့် ၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ရေကြီးမှုဖြစ်စဉ်အတိုင်း ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိစာရင်းများအရ ကလေးမြို့တွင် ရေဘေးရှောင်သူ ဦးရေ ၉၈၅၈ ၊ အိမ်ခြေ ၂၀၈၉ အိမ် ၊ အိမ်ထောင်စု ၂၁၇၃ တို့သည် ရေဘေးရှောင်စခန်း ၁၉ ခုတွင် နေထိုင်နေရကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြစ်သာမြစ်ရေ ဝင်ရောက်ခဲ့သည့် ကလေးမြို့သည် လာမည့် ၂ ရက်အတွင်း မိုးရွာသွန်းမှု လျော့ကျသွားပါက ရေပြန်ကျ လာမည့် အခြေအနေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။

“မြစ်သာမြစ်ဟာ ပြင်သာ ကလေးမြို့မှာ စိုးရိမ်ရေမှတ်ထက် ကျော်နေတာ ရှိတယ်။ အခု လောလောဆယ်တော့ ဆက်တက်နေတဲ့ အနေအထားရှိတယ်။ မိုးအား ကျသွားပြီဆိုတော့ နောက် ၁ ရက်၂ ရက် လောက်နေရင် ပြန်ကျသွားမယ့် အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး “ မိုးအားက အခုတော့ ပြန်ကျသွားပြီ။ တနိုင်ငံလုံးမှာ မိုးက ပြန်ကျနေပြီ။ ဒါပေမဲ့ ရခိုင်မှာတော့ နေရာကွက်ပြီးတော့ မိုးကြီးနိုင်သေးတယ်။ နောက် ၂ ရက်လောက်နေရင်တော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ တနင်္သာရီတို့မှာ မိုးကောင်းလာနိုင်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့ ဒေသတွေမှာ မိုးအားက လျော့ကျသွားပြီ” ဟု ဆိုသည်။

မြစ်သာမြစ်ရေသည် ပြင်သာ (ကလေးမြို့)တွင် ၇ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် နှစ် ရက်အတွင်း ၃ ပေခန့် ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သောကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading