သတင်း

NLD မြို့နယ် အလုပ်အမှုဆောင် တဦး စိတ်ကြွဆေးပြားများနှင့် ဖမ်းမိ

သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အလုပ်အမှုဆောင် တဦးကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် စိတ်ကြဆေးပြား ၁၅ ပြားနှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သံဖြူဇရပ်မြို့မ ရဲစခန်းက အတည်ပြု ပြောဆိုသည်။

သံဖြူဇရပ်မြို့နယ် NLD ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံလည်း ဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ဦးထွန်းဝင်းသည် ကျိုက္ခမီ မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ၎င်းအား သတင်းအရ ရှာဖွေ ဖမ်းဆီးခဲ့စဉ် ဆိုင်ကယ် ဦးထုပ်အတွင်း ယူဆောင် လာသည့် စိတ်ကြွဆေးပြားများအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာဝန်ကျ တာဝန်မှူး ရဲအုပ် မင်းဌေးမောင်မောင် က “အတည်ပြု ပါတယ်။ မနေ့က (စက်တင်ဘာ ၂၀) ရက်နေ့က ဖမ်းမိ တာပါခင်ဗျ၊ သူက NLD သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ၊ သံဖြူဇရပ် မြို့နယ်က” ဟု ဧရာဝတီသို့ ပြောသည်။

ဦးဝင်းအား စိတ်ကြွှဆေးပြားနှင့် အတူ ဖမ်းဆီးရမိခဲ့စဉ် (ဓါတ်ပုံ – ကျိုက်မရော/မုဒုံ သတင်းစုံ/Facebook)

ဦးထွန်းဝင်းသည် အန်အဲလ်ဒီပါတီ၏ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်ကို ပါတီကလည်း သိရှိပြီးဖြစ်ကြောင်း မွန်ပြည်နယ် အန်အဲလ်ဒီပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ကလည်း အတည်ပြု ပြောဆိုသည်။

ဒေါက်တာ ခင်ဆောင် က “ကျနော်တို့ပါတီ မြို့နယ်အလုပ်အမှုဆောင်၊ ပြန်ကြားရေး တာဝန်ခံလဲ ဟုတ်ပါတယ်၊ ကျနော့်ကို သံဖြူဇရပ် မြို့နယ် ပါတီဥက္ကဋ္ဌက လှမ်းပြီး အကြောင်းကြားလို့ ကျနော်သိရပါတယ်။ ဆေးပြားနဲ့ အတူ မိတယ်လို့ ပြောတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဦးထွန်းဝင်း အား သံဖြူဇရပ် မြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါး ပုဒ်မ ၁၅/ ၁၆ (ဂ) / ၂၀ (က) ပုဒ်မ (၃) ခုတို့ဖြင့် အမှုဖွင့်၍ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ဦးထွန်းဝင်းသည် NLD ပါတီဝင် ဖြစ်သည့် အတွက် ရဲလုပ်ထုံး လုပ်နည်းဖြင့် အရေးယူ ပြီးနောက် ပါတီ ဗဟိုအလုပ်အမှုဆောင်၏ ဆုံးဖြတ်ချက်များဖြင့် ၎င်းအား ပါတီမှ ဆက်လက် အရေးယူ သွားရန် ရှိသေးကြောင်း ဒေါက်တာ ခင်ဆောင်မှ ဆိုပါသည်။

Loading